Wednesday 26 December 2012

မသိကိန်းများနှင့် ဖက်လှဲတကင်း

X Y Z ဟာ မသိကိန်း သုံးလုံးဖြစ်ရင်
ပန်းတစ်ပွင့်ဟာလည်း မသိကိန်းတစ်လုံး
ကကြီး  ခကွေးဟာလည်း မသိကိန်းတွေပဲ
ကျွန်မအတွက် ရှင်ဟာ မသိကိန်းတစ်လုံးဖြစ်သလို
ရှင်တို့ ကျွန်မတို့ရဲ့ ဘဝကြီးကိုက မသိကိန်းတစ်လုံး ဖြစ်တယ်
ဘကုံး  ဝလုံး  ဘဝကနေ ဘကုံး ဝဆွဲနဲ့  ဖြစ်သလို ဘွလိုက်ရတဲ့ ဘွ
မသိကိန်းက ဘဝလား
မသိကိန်းက ဘွလား
ထားပါတော့....
ဘဝရဲ့ ညီမျှခြင်းကိုရှာ
ဘဝက အူတယ်
ဘဝက ကြောင်တယ်
ဘဝက ကျားတယ်
ဟာ......
ဘဝက အူကြောင်ကျားကြီးပါလား / ဝမ်းနည်းသွား...
ဘဝက ပိန်းတယ်  ဘဝက မှောင်တယ်
ဘဝက ထူတယ်  ဘဝက စုတ်တယ်
တစ်ချို့တစ်လေအတွက်တော့ ဘဝက ဟုတ်နေပြန်ရော...
ဘဝက ရွဲ့တယ်  ဘဝက စောင်းတယ်
ဘဝက ပဲ့တယ်  ဘဝက စွေတယ်
အကြောင်းကြောင်းတွေကြောင့်  အကြောင်းကြောင်းတွေဟာ မသိကိန်းဖြစ်နိုင်
ရှင်တို့ ကျွန်မတို့ဟာ လ နှစ်ချောင်းငင်နဲ့  "လူ" ကြတယ်
လူဟာ မသိကိန်းအဟောင်းအမြင်းကြီးပဲ တဲ့
မငြင်းနဲ့...
မှန်ထဲ   ခပ်ရဲရဲကြည့်
ငါ   လူနဲ့ တူရဲ့လား
ငါ   ဘာကောင်ပါလိမ့်
အခုဒီပုစ္ဆာမှာ  မသိကိန်းဟာ  အတိအကျ  "ငါ"


 

Wednesday 19 December 2012

ရုက္ခ ဘာသာဗေဒ

ဆံစ အခက်အလက် အကိုင်းအနားတွေကနေ
ခြေဖျားအဖြောင့်အကွေး အရိုးအဆစ် ရေသောက်မြစ်တွေအထိ
စစ်စစ်မြည် ခံစားချက်တွေ
ယုံလွယ်ရိုးအမှု အရောင်တွေနဲ့
အတောင့်လိုက် သွတ်သွင်းရှင်သန်နေတဲ့ သစ်တစ်ပင်ဟာ ကျွန်မပေါ့....

ဘယ်မြေတောင်မြှောက်မှုအောက်မှာမှ
ဘယ်ရေလောင်းပေါင်းသင်မှုအောက်မှာမှ
ဘယ်လောင်းရိပ်အောက်မှာမှ  နေထိုင်ရှင်သန်ခဲ့ / ချင်ခဲ့တာ မဟုတ်ဘူး
ကျွန်မက ကိုယ့်ပင်စည်အထက်  ကိုယ်တိုင်မတ်မတ်လျှောက် မိုးပေါ်လမ်းဖောက်ခဲ့ရသူ
အချစ်  အမုန်း  အတ္တ  မာန  သိက္ခာ နာမခေါ်တွင်ကြတဲ့
ပညတ်အသီးအပွင့်တွေ ကိုယ်မှာ ခဲပြွမ်းဝေဆာနေတဲ့ သစ်ပင်....

ရှင်ဘယ်တော့မှ နားမလည်နိုင်မဲ့  ရင်တွင်းခံစားမှု
ရှင်ဘယ်တော့မှ အိပ်မက်နိုင်မှာ မဟုတ်တဲ့  မျှော်လင့် စွဲလမ်းမှု
ရှင်ဘယ်တော့မှ စာလုံးမှန်အောင် မပေါင်းနိုင်မဲ့ မေတ္တာ
ဒါတွေကို....ဘယ်တော့မှ...
ကျွန်မကလည်း   ရှင့်ကို နှုတ်တိုက်ချပေးလေမှာ မဟုတ်ဘူး....

ရုပ်ဝါဒီတွေလို  အရိုင်းဆန်ပြရရင်
နွယ်တစ်မျှင်လို ရစ်ပတ်လာတဲ့ ရှင့်လက်တွေထဲ
ကျွန်မကလည်း တုံ့ပြန်နှောင်ဖက် ပင်ချင်းယှက်လိုက်ရုံ
ကျွန်မလည်း  ခဏတော့ ပျော်ခွင့်ရှိပါတယ်  ပျော်တတ်ပါတယ်

ကျွန်မတို့က.... 
ကျွန်မ တို့ က....  သစ် ပင် တွေ ပါ
နှလုံးသားမရှိဘူးများ  ရှင်  ထင်နေသလား....


 

Thursday 13 December 2012

"မျက်မှန်" တစ်နည်းဆိုရသော်...



လူထူထူထဲ ချပြလိုက်ရင် ကလက်တက်တက်နိုင်ချင်နိုင်လှပေမဲ့
သူ့ဟာသူတော့ ထားရာမှာနေသားတကျ အိနြေ္ဒရရနေတတ်
အရွယ်ရောက်ပြီးသူ အမျိုးသမီးတိုင်းအတွက် မရှိမဖြစ် သွားလေရာရာ တစ်သားတည်း ပါ
(သင်ဟာ တော့ပ်လက်စ်သာ မဟုတ်ခဲ့ရင်)
ကံကောင်းတဲ့နေရာမှာတော့ အမျိုးသမီးတွေရဲ့ နှလုံးသားနဲ့ အနီးကပ်ဆုံး
ဇာတာညံ့တဲ့အခါမျိုးမှာဆိုရင်တော့ ကိုယ်နံ့ ချွေးနံ့ပေါင်းစုံ ရှူရှိုက်ရ
(တစ်ကိုယ်ရည်သန့်ရှင်းမှုညံ့ဖျင်းတဲ့ မိန်းမတွေဆိုရင်ပေါ့)
အကွပ်မဲ့ကြမ်း (သည်းခံပါရှင်) အကွပ်မဲ့ဗိုက် ပရမ်းပတာ
စူထွက်နေတဲ့ ဗိုက်သားပုံ့ပုံ့တွေကို ပကတိမျက်စေ့နဲ့ ငုံ့ကြည့်လို့ရတဲ့ အခွင့်အရေး
ပခုံးနှစ်ဘက်ပေါ် ထမ်းတင်ထားရတဲ့….
အလျှော့အတင်း လိုသလို ညှိလို့ရတဲ့….ကြိုးနှစ်ချောင်း (မပါတဲ့အခါလည်း ရှိရဲ့)
နောက်ကျောဘက် ဒါမှမဟုတ် အရှေ့ဘက်မှာ အလွယ်တကူချိတ်တွယ်ဝတ်ဆင်
လိုက်ရုံ

ဒါ ရှက်စရာတဲ့  သဘာဝကိုဖုံးဖိခြင်း
ယဉ်ကျေးသောအမျိုးသမီးတိုင်း ဘရာဇီယာဝတ်ဆင်ကြသည်
အရှိအတိုင်းထက် ပိုပိုသာသာ မက်ဆီမိုက်ဇ်ဇာ
သိတ်များနေလို့ ၀ိတ်လျှော့ချင်ရင် မီနီမိုက်ဇ်ဇာ
လွယ်လွယ်လေး….

ဘရာဇီယာထုတ်လုပ်ရောင်းချသောကုမ္ပဏီတစ်ချို့၏ ကြော်ငြာဆန်းများမှာ အောက်ပါအတိုင်းဖြစ်သည်

၁။ ရာဇီယာ မ၀တ်ဆင်ခဲ့ခြင်းကြောင့် ဒိုင်နိုဆောများ မျိုးတုန်းသွားခဲ့ 
သင် ခေတ်သစ်ဒိုင်နိုဆော မဖြစ်စေရန် ကျွန်ုပ်တို့တာဝန်ထားပါ
၂။လိုအပ်ပါဘဲ သင့်ရင်အစုံ လွှတ်မခုန်စေရန် ကျွန်ုပ်တို့တာဝန်ယူသည်
၃။ Feel like hugging you softly
၎။ သင့်ကိုယ်ပေါ်မှာ ပိုးသားကလေးလို နူးညံ့ပျောင်းညက်မှုရဲ့ အရသာ


ပြိုင်ဆိုင်မှုတွေများတဲ့ ဈေးကွက်ထဲ အလုအယက်ကြော်ငြာကြ တီထွင်ဆန်းသစ်ကြ...
Elle    Vero Moda    Triumph     Stella Mcartney ဘယ်တံဆိပ်ကိုမဆို
စိတ်တိုင်းကျ ရွေး ချယ်  ၀ယ် ၀တ်
ရေစစ်အရွယ်ကနေ အေကပ်  ဘီကပ်  စီ ဒီကပ်တွေအထိ
နူးညံ့သောဖျင်စအစုံစုံနဲ့ ကန်တော့ချွန်ပုံကလေးထွက်အောင် ဒေါက်ကလေးတွေ အလိုက်သင့် ထည့်ချုပ်
မမြတင် ရွှေဝတ်မှုန်နုနုညက်  မီရှယ်အိုဘားမား ဂျနီဖာအန်နစ်စတန်  ဂျဲနက်ဂျက်ဆင်
အမေဇုံတောနက်ကြီးထဲက သဘာဝရင်သွေးငယ်များကလွဲလို့
အရွယ်မရောက်သေးသော အမျိုးသမီးငယ်များနှင့် အရွယ်အိုမင်းသူ အမျိုးသမီးကြီးများမှအပ
ကမ္ဘာအရပ်ရပ်မှ လေဒီများ၏ တခဲနက် ၀ယ်ယူဝတ်ဆင်အားပေးမှု

ပုံစံမျိုးစုံ အရွယ်ရွယ်အစားစား များပြားသော 

မတူကွဲပြားသော ပျိုပျိုအိုအို ရွယ်ရွယ်လတ်လတ်တိုင်းအတွက်
ဝတ်ဆင်မယ်ဆို  သင့်ကိုယ်ကို ၉၀ဒီဂရီ ခါးရှေ့ကို ညွှတ်ကိုင်းချ
သင်တို့ပိုင်ဆိုင်မှုအသီးသီးအတွက် အံဝင်ခွင်ကျဖို့အရေး 
ခွက်ကလေးထဲဝင်အောင် လက်ကလေးနဲ့ နည်းနည်းတော့ ပံ့ပိုးပေးရ

လှ

သွား

ပြီ…..



Wednesday 5 December 2012

FYI, She is DANGEROUS

သူမဟာ....

မျက်နှာမှာ အပြုံးချိုချိုတွေ ချိတ်ဆွဲထားလျှက်က
လက်ထဲက ဆောင်ဓါးကို လွှတ်မချလိုသူ ဖြစ်တယ်....။

ချစ်ခြင်း  မေတ္တာ  အနမ်းတွေအကြောင်း တီးတိုးရေရွတ်နေလျှက်က
သစ္စာဆိုတဲ့ စာမျက်နှာကို ကျော်ဖတ်သွားသူသာ ဖြစ်တယ်....။

ချစ်သူနဲ့ နွေးထွေးသာယာ ချစ်တင်းနှောနေခိုက်မှာ
လက်ထဲက နေကြာစေ့လှော်ကို တခွပ်ခွပ်ခွာစားနေတတ်သူလည်း  ဖြစ်တယ်....။

သတိရကြောင်း  တမ်းတလွမ်းဆွတ်ကြောင်းတွေ မျက်ရည်စက်လက်ကျ ကြွေပြရင်း
ရယ်စရာစာအုပ်ထဲက တစ်ကွက်ဟာသအကြောင်း တွေးနေမိတတ်သူလည်း ဖြစ်တယ်....။

ချစ်လိုက်တာမောင်ရယ် လို့ ကယုကယင် ပြောချင်ပြောပြီးမှ
လက်ထိုး အန်ချလိုက်တတ်သူလည်း ဖြစ်တယ်.....။

ဝါတွင်းသုံးလမှာ သားသတ်လွတ်စား မေတ္တာတရားပွားများနေတတ်ပြီး
ကျန်ကာလတွေမှာတော့ အသည်းစားရတာ အရသာရှိကြောင်း ပြောတတ်သူ ဖြစ်တယ်....။

အာဃာတတွေ လက်စားချေခြင်းတွေရဲ့ မဟန်ပုံကို ထောက်ပြရင်း
အသည်းကွဲဖူးတဲ့ မိန်းကလေးတွေကို တန်ပြန်စစ်ဆင်ရေး လက်ချာပေးတတ်သူလည်း  ဖြစ်တယ်....။

တန်ဘိုးတွေ  တန်ရာတန်ကြေးတွေအကြောင်း တဖွဖွပြောရင်းက
လွန်လေပြီးခဲ့တဲ့ အမှတ်တရတွေ  အကြင်နာနေ့စွဲတွေကို လက်ညှိုးထိုးရောင်းချလိုသူလည်း ဖြစ်သေးတယ်....။

သူမအကြောင်း အကြမ်းဖျဉ်း ကျွန်မသိသလောက် ဖောက်သည်ချပြီးပြီ...
ကဲ  ရှင်ကရော ဘယ်လိုလူလဲ....

သြော်  မေ့လို့...
ရှင့်ရဲ့ စိတ်ကျန်းမာရေးကို ကောင်းကောင်းကြီး တာဝန်ယူနိုင်ကြောင်း...
အခု  သူမလက်ထဲက ဆောင်ဓါးကို တမြမြသွေးနေတဲ့အကြောင်းလည်း...
သူမက  ပြောသွားသေးရဲ့....။


 

Friday 9 November 2012

သံယောဇဉ် = Antibiotic ?



ဝဋ်ကြွေးတစ်ခုကို  ကိုယ်က  သံယောဇဉ်လို့ အမည်တပ်လိုက်တယ်
အဲဒါကိုပဲ  တခုတ်တရ  ရေလောင်းပေါင်းသင်
ရွှေချထားလိုက်ချင်သေးသတဲ့
ရူးသွပ်မိုက်မဲလိုက်ပုံက
ဘဝဘဝပေါင်းများစွာက အကြွေးတနင့်တပိုး
ခုကျမှ ထိုးဆပ်ရတော့မဲ့အဖြစ်
နစ်  

ကျွံ  
တစ်စတစ်စ  ရုန်းမရ  ပြုမရ
တုန့်ပြန်မှုတွေက အပေါ်ယံအေးခဲနေတဲ့ ကော်ဖီခါးတစ်ခွက်လို
ကိုယ့်ကို ရင်တုန်အိပ်ပျက်စေခဲ့
ညတာရှည်တိုင်းသာ အိပ်ရေးဝမယ်ဆိုရင်လေ...
ခုတော့ ဆင်းရဲနဲ့ ငရဲတွေက ကိုယ့်ရင်လွှာအပေါ်တွယ်တက်နေကြ
ဒါတွင်မက အမြစ်တစ်ခုအဖြစ် မြဲခိုင်
တိုးဝင်…

ကိုယ်ဟာ  ကမ္ဘာကြီးတစ်ခုကို လိုအပ်သလို  သူ့ကို လိုအပ်
ကိုင်းကူး ကိုင်းဆက်စရာမလိုဘဲ  သံယောဇဉ်တွေ မျိုးပွားပြန့်နှံ့လိုက်ပုံက
ကိုယ့်နေ့နေ့ညည  ဒုက္ခတွေဆိုတာ  ချိုနေရောပဲ
နေကလည်း မြင့်ပေါ့  သီးရင့်လာတဲ့သံယောဇဉ်တွေက
ကိုယ့်ကို  အရူးတစ်ပိုင်းလို့  မှည့်ခေါ်ကြလေတယ်....။

တကယ်တော့  ဆေးပတ်မလည်တော့မဲ့ Antibiotic ဟာ သံယောဇဉ်ပဲ
ကိုယ့်ကို ဖျားနာလောင်မြိုက်စေ  အော့အန်မူးဝေစေလည်း
ရပ်မရ  ဖြတ်မရ
နေသားတကျ နာတာရှည်ဇာတ်မျောထဲ
အလွမ်းနက်နက်တွေ ချော်ချော်ကျနေရ.....။

Wednesday 17 October 2012

အဲဒီ့မိန်းမ

ဒေါင်လိုက်တိုင်းရင် ငါးပေလေး  ဒေါက်နဲ့ပေါင်းရင်  ငါးပေခွန်နစ်
၃၆ -၂၈ - ၃၈   အချိန်က  ငါးဆယ့်ခြောက်ကီလိုစီးတဲ့
အဲဒီ့မိန်းမ

မရိုးသားဘူးထင်ရင် ကိုယ့်အရေပြားပေါ်က အသားတွေကိုတောင် ခြစ်ထုတ်ပစ်လိုက်ဦးမဲ့  မိန်းမ
အချိုရည်စိမ်ထားတဲ့ ရှင့်စကားလုံးတွေထဲမှာ ကိုယ့်အသေ ကိုယ် ခဏခဏပြန်ရှာတတ်တဲ့  မိန်းမ
အိမ်မက်ဆန်ဆန်တွေထဲ အသွေးနှစ် အသားနှစ် အလွမ်းတွေစေးစေးပိုင်ပိုင်နဲ့ မွန်းအစ်နေတတ်တဲ့  မိန်းမ
သမုဒယနွံအိုင်ဟာ မီးစာတစ်ခုလို ရင်ထဲက အလွမ်းတွေကို ထထတောက်စေတတ်တဲ့ မိန်းမ
ကျိန်စာမိနေတဲ့ ရှင့်ရင်ဟာ ကျွန်မငရဲလောက်များ ပူဦးမလားလို့ မျက်နှာစေ့စေ့ကြည့် မေးလိုက်ချင်မိတဲ့  မိန်းမ
အပြုံးတစ်ချက်မှာ ဘာဝှက်ဖဲမှမရှိ ပကတိ အိပ်သွန်ရင်မှောက်
ခံစားချက်တွေကို ဖောက်ထုတ်ဖွင့်ချပစ်တတ်တဲ့  မိန်းမ
သစ္စာတရားကို ဆီမန်းတစ်ခုလို ဥုန်ခံ မန်းမှုတ်တတ်ခဲ့တဲ့ မိန်းမ

ငုံနေတဲ့အလွမ်းတွေဟာ  ရှင့်အသံကြားတိုင်း တစ်ဝုန်းဝုန်း ထပွင့်တတ်တဲ့ မိန်းမ

အဲဒီမိန်းမဟာ...
သုံးဆယ့်တစ်ဘုံမှာ ငြီးငွေ့လို့  သံသရာက အပြတ်
ဒီတစ်ဘ၀နဲ့ ဖြတ်တော့မဟဲ့လို့ ဆိုခဲ့ရင်...
တစ်ဆိတ်လောက်တော့
ရှင်တို့ နည်းနည်းကလေးမှ မ ပြုံး မိ ပါ စေ နဲ့....

Friday 14 September 2012

အကောင်အထည်ရှိသော စိတ်-ကျ-ရော-ဂါတစ်ခုရဲ့ ဖြစ်စဉ်



အနည်ထိုင်နေတာ ကြာလာတော့
စိတ်ကို  မကြာခဏ မွှေမွှေပေးနေရ
အဖိုဓါတ်မဟုတ်သော  အမဓါတ်မဟုတ်သော
ကံ ဥတု အာဟာရအပေါ် အပြန်အလှန်တည်မှီနေသော
ဘုံဖျားမှာ အခြေမဲ့ ချိတ်ထားတတ်သော
တနံတလျား ခရီးသွားလာတတ်သော
အရောင် အဆင်း အနံ့ အရသာမဲ့သော
စိတ်ကို.....
ပုံသွင်းကြ ဘောင်ခတ်ကြ  ဟဲစလွန်းပို့ပြီး ကောက်ကြ
စိတ်အ၀ိုင်း  စိတ်လေးထောင့်  စိတ်မှန်ကူကွက်
စိတ်အနက်  စိတ်အ၀ါ  စိတ်အနီ  စိတ်ကြည်ပြာ
စေတသိကရဲ့ ချယ်လှယ်မှု့အောက်မှာ စိတ်ကို အရောင်ဆိုးကြ
စိတ်အသွား  စိတ်အလာ  စိတ်အလေ  စိတ်အလွင့်  စိတ်အပင့်  စိတ်အမျော
စိတ်အခင်းအကျင်း  စိတ်အရှင်းအလင်း
စိတ်ကို စိတ်နဲ့ပူးချည်
စိတ်ကို စိတ်နဲ့ပေါင်းကွပ်
စိတ်ကို စိတ်နဲ့ ထိုးကော်
စိတ်ကို စိတ်နဲ့ ပြစ်ခွင်း
စိတ်ကို စိတ်နဲ့ ဖြားယောင်း
စိတ်ကို စိတ်နဲ့ ခွကျော်တက်
စိတ်ကို စိတ်နဲ့ လက်ဆွဲနှုတ်ဆက်
စိတ်ကို စိတ်နဲ့ ပခုံးချင်းဝင်တိုက်
စိတ် + ထက်ပိုင်းကျိုးတယ်/ စိတ် + တဆစ်ဆစ်နာတယ်
စိတ် + ပြုတ်ကျတယ်/  စိတ် + ပြန်ကုန်းထလာတယ်
ပညာရှိယောင်ဆောင်သော + စိတ်/ ငါ့လှေငါထိုးပဲခူးရောက်သော + စိတ်
"လေတယ်ကွာ"တွေ နံရံအပြည့် ချိတ်ဆွဲထားသော + စိတ်/  လက်သီးလက်မောင်းတန်းနေသော + စိတ်
သဒ္ဒါတွေ လွဲ လွဲနေတဲ့ စိတ်  အထာတွေ ချော် ချော်နေတဲ့ စိတ်
"တက်" လို့ အမိန့်ပေးရုံနဲ့  အလိုက်သင့်ပါမလာတဲ့
စိတ်ဟာ...
ဖရိုဖရဲ  ကစဥ့်ကလျား  တပ်ပျက်စဉ်
ကျကျမ်းအတိုင်း ကသောကမျော
ဇောက်ထိုးဆင်းတယ်

Monday 10 September 2012

အဲဒီလမ်းမ

ခေတ်ဟာ
ကျူးကျော်ရပ်ကွက်တွေလို နတ် နေရာမရ 
အထာမကျလိုက်ပုံ
ငါ့ပိုင်နက်နော် မင်း ဟိုဘက်နည်းနည်းရွေ့လိုက်
ဆီသွတ်ဗူးထဲက အကောင်တစ်ကောင်က သူ့ဘေးကကောင်ကို ပြောတယ်
အင်္ဂါဂြိုလ်ပေါ်မှာ ဂရန်တွေပေးနေတယ် တဲ့
သားတစ်ကွက် သမီးတစ်ကွက် အိမ်ကအဖိုးကြီးတစ်ကွက်
နောက်ဖေးမှာ အငှားအဖီလေးချနေတဲ့ မိတုတ်တို့အတွက် တစ်ကွက်
မြေထုကျဉ်းလာလိုက်ပုံက ၆ပေခေါင်းတောင် မီနီမိုက်ဇ်လုပ်ရတော့မလိုလို
အဲဒီမြေပေါ်မှာ အဲဒီလမ်းထဲမှာ အဲဒီငါးသေတ္တာဗူးခွံထဲမှာပဲ
ဒီိလိုပဲ နေလာလိုက်ကြတာ  အဲဒီလမ်းထဲမှာ
အဲဒီလမ်းထဲမှာ နတ်မျက်စေ့တွေရှိတယ်  အကြည့်တွေရှိတယ်
စားဝတ်နေရေးတွေရှိတယ်  အထည်ကြီးပျက်တွေရှိတယ်
အပေးအယူနားလည်မှုတွေရဲ့ ကွန်ယက်တွေရှိတယ်
ဘ၀သရုပ်ဖော်စစ်စစ်တွေ ရှိတယ်  ဖြစ်ရိုးဖြစ်စဉ်တွေရှိတယ်
အဲဒီလမ်းထဲမှာ အသံတွေရှိတယ် ဟဲလို ကြားလားတွေ ရှိတယ်
သာမန်နားရွက်နဲ့ အကြားတွေ ရှိတယ်
ထူထဲတဲ့အက်ခိုးတွေနဲ့  အကြားတွေရှိတယ် 
အဲဒီလမ်းထဲမှာ အုတ်ကြားက မြက်လေးတွေလည်း ရှိတယ်
အဲဒီလမ်းထဲမှာ စံပယ်တွေ နှစ်ရာဖိုးငါးကုံး ရှိတယ်
တစ်စောင်နှစ်ရာ သုံးစောင်မှ ငါးရာတန် လက်ပွေ့ဂျာနယ်တွေ ရှိတယ်
အဲဒီလမ်းထဲမှာ အိတ်ဇောသံဗျင်းဗျင်းမြည်တဲ့ ဘီးနှစ်လုံးတွေ ရှိတယ် စုန်ဆန်လို့
အဲဒီလမ်းထဲမှာ ချက်ဆို နားခွက်ကမီးတောက်တွေ ရှိတယ်
သမိုင်းမကောင်းရင် အုတ်ကျင်းလောက်တော့လုပ်လိုက်တွေ ရှိတယ်
အဲဒီလမ်းထဲမှာ အဝေးပစ်လက်နက်တွေ ရှိတယ် နှစ်ကိုယ်ကြား အမနာပတွေ ရှိတယ်
တောင်ဒဂုံလား ၄၅၀၀တော့ပေးဗျာ  ဈေးဦးပေါက်မို့ပါ
အဲဒီလမ်းထဲမှာ ချစ်တင်းနှောမှုတွေ ရှိတယ် 
အဲဒီလမ်းထဲက တစ်ချို့အိမ်တွေရှေ့မှာ မီးပုံးနီနီလေးတွေ ချိတ်ဆွဲထားတယ် 
မျက်တောင်တုလေးတွေနဲ့
အသစ်လေးတွေရှိတယ်ဆရာ အထဲသာဝင်သွား
မာဆတ်ခန်း လွတ်တယ် ရိုးရိုးလား  ရှယ်လား
တစ်ကိုယ်လုံးအကြောပေါင်းတစ်ထောင်စိမ့်
စိန်ခြူးကြာညောင်လေးနဲ့ နှိပ်ပေးလို့ရတယ်  ဂွတ်ရှယ် ဆရာ
ဖြစ်စဉ်တစ်ခုလုံးဟာ အဲဒီလမ်းမကြီးကို ဗဟိုပြုပြီး တရစပ်ပေါ်ပေါက်နေတယ်

အဲဒီလမ်းမဟာ ကျွန်တော့်ကိုယ်ထဲက ရုတ်တရက်ခုန်ထွက်ပြီး
သူ့ကိုယ်လုံးမည်းနက်ရှည်ပြားကို အလျားလိုက်စန့်ချလိုက်စဉ်
ဆင်တူ မျက်နှာဖုံးနဲ့လူတွေ သူ့ကိုယ်ပေါ် ဝေါကနဲ စီးဆင်းသွား
အသံတွေကြားလိုက်ရ


Thursday 30 August 2012

ဟေ့လူ ခင်ဗျားကိုပြောနေတာ

ကစားနည်းတိုင်းဟာ Free & Fair ဖြစ်ရမယ်လို့ ဘယ်ငတုံးက ပြောလဲ
တာလီဘန်တွေကို ကြည့်  ဆီးရီးယာန်းတွေကို ကြည့်
ထမီရင်လျားနဲ့ ယောကျာ်းခတ်ပေးတဲ့ ချိုးရေကို စောင့်ဆိုင်းနေတဲ့မိန်းမ
နင်တို့အဖေလာမှ ထမင်းစားရမှာ
အိမ်ရှေ့လမ်းမပေါ် ကစားရင်းစောင့်နေတဲ့ ဘုစုခရုတွေ
ခွေပုံချင်းတူရင်တောင် အတွေးအခေါ် ဉာဏ်ရည်ဉာဏ်သွေး ထပ်တူ မညီကြ
ကိုယ့်ဦးနှောက်နဲ့ကိုယ်
ခင်ဗျားက ခင်ဗျား  သူက သူ လိုင်းပူးရင်
အာရုံတွေ နောက်ရုံ  ဆင်လည်း ဆင့်အထွာ
သာတူညီမျှမှုတွေ လိုက်ရှာနေရင်
ထမင်းတွေ တစ်ထုတ်ပြီး တစ်ထုတ်အသိုးခံလိုက်ရုံ
မိအေးအော်တာပဲ ကမ္ဘာကြီးနားခွက်က ကြား
နောက်ကျောကဓါးထိုးခံရတော့ 
စိတ်နာရမဲ့မျက်နှာကြီး မမြင်ရဘူးပေါ့ (သက်သက်သာသာလေး လုပ်ကြပါ)
ရိုက် ရိုက်ဆိုတော့မှ ခေါင်းလား ခြေသလုံးလား
ချက်ကောင်း ရွေးမနေနဲ့  သာတူညီမျှပါဆိုနေ
ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်
ခင်ဗျားဗိုက်ဟောင်းကြီးပြည့်ဖို့ ကျွန်တော့်အလိုတွေ ဖဲ့ဖဲ့ပေးရ
သာတူညီမျှမှုအကြောင်း တောင်းဆိုနေသမျှ
မှောင်သောညတွေပြီးရင်
တွေ့မယ် ငြိမ်းချမ်းသောကမ္ဘာသစ်ကြီး (အဲသလို မျှော်လင့်ရတာပဲ)
မော်တော်ကားဟောင်းတွေ ဘော်ဒီထုသလို
ခင်ဗျားဘော်ဒီအဟောင်းကြီး ထုကြည့်ပါလား
သုံးလို့ရတာ  မရတာက နောက်ကိစ္စ
ဟေ့လူ အခု ကျွန်တော်ပြောနေတာ သာတူညီမျှကိစ္စတွေ 


 

Monday 27 August 2012

ကျွန်ုပ်တို့အားလုံး လိတ်တက်စ်သတင်းများနှင့် သတင်းကို ဖျော်ဖြေရန်

ဟိုက်ဒြိုဂျင်လျော့စပြုနေတဲ့ ပူဖောင်းတစ်လုံးလို အထက်လည်းဆက်မတက် အောက်လည်းကျ မလာ
ဘ၀က
ငြီးငွေ့မှုတွေကိုတောင် ငြီးငွေ့ဖို့  ငြီးငွေ့လာတဲ့နောက်
ပြောကြည့်ရမလား အသစ်အဆန်း
ဟိုမော်ဒယ်မလေး အသည်းကွဲနေတဲ့ သတင်း
သူက အချစ်ကို ဘ၀နဲ့တွဲချည်ထားမှတော့  ကွဲပြီပေါ့ကွာ
ကြားခံပစ္စည်းတွေ တိုးတက်လာတဲ့ခေတ်မှာ လူတိုင်းမီဒီယာ အားလုံးပူးပေါင်းပါဝင်ကြ
သူသူ ငါငါ မွေးလာကတည်းက မီဒီယာစီတီဇန်ရှစ်
မှတ်ပုံတင်မှာ တစ်ခါတည်းဖြည့်လိုက်
လမ်းထိပ်ကလူလေ သူ့ကောင်မလေးကိုအသက်ပေးချစ်တယ်ဆိုတဲ့ကောင်
ဆေးလိပ်တောင် မီးခိုးအူအောင်မသောက်တတ်တဲ့ကောင်က
သူ့ကျောမှာ အိုင်လပ်ဗ်ကိုကင်းဆိုတာကြီး တက်တူးထိုးနှံလို့   ရယ်ရတယ်
ကမောက်ကမကောင်
ဘုရားပွဲမှာ သူငယ်ချင်းတက်တူးထိုးလို့ လိုက်ထိုးတာပါဗျာ တဲ့  ကြွက်ပြုံးကလေးနဲ့
သတင်းဖြစ်ပြီလား
သားရေ ခုန်သာချလိုက် မကြောက်နဲ့ အဖေဆီးဖမ်းမှာပေါ့ကွာ ရဲရဲသာခုန်ချ
သားကလေး မြေကြီးပေါ်ဘိုင်းကနဲပစ်အကျ  အဲဒါပဲငါ့သား အဖေပြောတိုင်းလည်း မယုံနဲ့  တဲ့
ခေတ်ကြီးကိုက
သံသယတွေကို မြေဩဇာကျွေး လှလှပပမွေးမြူနေကြတဲ့ ခေတ်
ကိုယ့်ဒူးတောင် ကိုယ်မယုံရမှတော့
လက်ဝှေ့ကြိုးဝိုင်းဟာ မျက်နှာကြီး ညိုမဲဖူးယောင်လို့
ကြိုးဝိုင်းထဲရောက်မှ ကိုယ်ချင်းစာတရားအကြောင်း ဖျတ်ကနဲ သတိရမိသတဲ့
ဝဋ်ကြီးလိုက်ပုံများ
ဒါ သတင်းဖြစ်ပြီလား
သတင်းဟာ သတင်းယောင်ဆောင်လို့ တိုင်းခန်းလှည့်တယ်
ဘယ်သူမှ မမှတ်မိကြဘူး
အိုစမာဘင်လာဒင် ကင်ဂျုံဧ ဂဒါဖီ  လားပင်စင်တစ်သက်စာ
သတ္တ၀ါတွေ အေးချမ်းကြပါစေ
တခုတ်တရသတင်း မဟုတ်တော့ဘူး
ကောင်းကင်မှ အမိန့်အရ ဤလက်ပစ်ဗုံးကို ကျွန်ုပ်အသေခံပြီးခွဲသည်
ထူးဆန်းသောအိပ်မက်အရ ကျွန်ုပ်ရေကူး၍လာသည်
ဘရာသာနံပါတ်ဝမ်း တာဝန်ပေးချက်အရ  လူသတ်ကွင်းမှာပါဝင်ခဲ့ရသည်
ခမာတို့အပေါ် ကျွန်ုပ် Duch၌ အပြစ်မရှိ  
အိတ်စ်ပိုင်ယာရီသတင်းတွေ
စားသုံးက သင့်ကို ဥပါဒ်ဖြစ်စေနိုင်၏
ကြိုးစားပြောကြည့်ပါဦးလား  အသစ်အဆန်းလေးတစ်ခုတစ်လေ
ရုပ်ဖျက်ထားတဲ့ သတင်းက စီတီဇန်မီဒီယာခေတ်ကို တစ်ခစ်ခစ်ရယ်ရင်း ပြောတယ်

Sunday 26 August 2012

စတေဒီယမ်ဟာ A-D-I-D-A-Sကြီးစီးပြီး လမ်းလျှောက်ထွက်လာတယ်

မြက်ခင်းစိမ်းဘောလုံးကွင်းကို ပါးစပ်ထဲထည့်ငုံထားတဲ့
စ မှတ်တွေမတူကြတဲ့ အနီရောင်ပြေးလမ်း ၈လမ်း ပါ
ဘေးပတ်လည်မှာ လှေကားထစ်ပွဲကြည့်စင်တစ်ခု ပါ
ကွင်းဘေးဘယ်ညာမှာ အားကောင်းတဲ့ အမြဲလာတဲ့မီးမောင်းကြီး နှစ်ခု ပါ
စတေဒီယမ်အင်္ဂါရပ်အပြည့်နဲ့  စတေဒီယမ်
အင်ရူးဝါးရန့်ဝယ်ထားတယ်
ဘောလုံးကွင်းအလယ်မှာ အစမ်းလေ့ကျင့်နေသော ဘောလုံးသမားများ
တူညီဝတ်စုံကိုယ်စီ  အသွေးအသား စိတ်ဓါတ်ခွန်အားတွေ တူနိုင်ပါရဲ့လား (နောက်မှ စဉ်းစားတာပေါ့)
ကွင်းလယ်မှာ ဘောလုံးနည်းပြ တရားစဟောနေတယ်
စတိုင်ကတော့ ဂိုက်ရော ဆိုက်ရောအပြည့် ဖာဂူဆန်လိုလို  သာကူဆန်လိုလို
ပြေးလမ်းမမှာ အရောင်အသွေးစုံစုံ ပြေးနေကြသူတွေ
တစ်ချို့က ကြွကြွ  တစ်ချို့က ရွရွ  
တစ်ချို့က မ ရုံလေး ခြေထောက်ကို လှလှပပ မ ပြီး ကွင်းပတ်ကြ
စတေဒီယမ်က မောင်းနှင်နေပုံ
နာမည်ရှိတဲ့ ဖိနပ်တံဆိပ်စုံ ဂုဏ်ယူ ၀တ်ဆင်ကြ
ကျွန်တော်တို့ ကုမ္ပဏီတံဆိပ်ကို စိတ်ချစွာ ၀ယ်ယူဝတ်ဆင်ပါ
သင့်ခြေချောင်းတွေကို ကြိုးနှစ်ချောင်းစည်းလိုက်ရုံနဲ့ လုံခြုံစွာ ထုတ်ပိုးပေးမှာ
အဆင့်မြင့်ကူရှင်အပြည့်ခံ ချုပ်လုပ်ထားတာမို့ အားလုံးထက်ရှေ့ရောက်အောင် ပံ့ပိုးပေးနိုင်တာ
နေပါဦး အားလုံးထက်ရှေ့ရောက်မှာ
စီးသူလား
ဖိနပ်လား
အဆင့်မြင့်ကူရှင်အပြည့်လား
ကြိုးနှစ်ချောင်းလား
ဖိနပ်ဘိုးငွေလား
ကုမ္ပဏီလား
ထားပါတော့ ခင်ဗျားခြေထောက်ကို မကိုက်ဘူးဆိုရင်တောင် စိတ်ချလက်ချ
ခင်ဗျား စီးလိုက်လို့ရပြီ
မိန်းမကြီးက ဘေးကလူကို မေးတယ်
မောင် ရှေ့ကပြေးနေတဲ့မိန်းမလောက် အချစ်ဝနေလားဟင်
သေချာပေါက် သူ့ကိုယ်လုံးနှစ်ဆလောက်ရှိတဲ့ သူကိုမှ မေးငေါ့ပြပြီးလေ
မိန်းမကြီးရဲ့ ရိုက်ချက် ပိုင်တယ် နိုင်တယ် တွတ်စရာမရှိဘူး  ဒဲ့  ဒဲ့
ဘောင်းဘီတိုရှည်  ပေါင်တံတိုရှည် ပြေးလမ်းတိုရှည်
ကွဲပြားနေမှုတွေနဲ့ စတေဒီယမ်  စတမ်မနာကောင်းဖို့ တိုင်မင်မှတ်နေတယ်
တစ်ပတ်ပြီးတိုင်း တစ်ပတ်  တစ်ပတ်ပြီးတိုင်း တစ်ပတ်
ခေါင်းမူးလာတဲ့စတေဒီယမ်ဟာ ဟန်ဒွက်ပလပ်စ်သောက်ရင်း ခဏနားတယ် ငြီးစီစီဖြစ်လာလို့ တဲ့
မှောင်စပျိုးလာတဲ့အခါ စတေဒီယမ်ဟာ အေ-ဒီ-အိုင်-ဒီ-အေ-အက်စ်ဖိနပ်ကြီးထဲ
ထုတ်ပိုးထားတဲ့ဂျယ်လီခြေထောက်တွေကို ခေါင်းပေါ်တင်ရင်း
လာလမ်းအတိုင်းအငွေ့ပျံ အိမ်ရောက်တဲ့အခါ
စတေဒီယမ်ဟာ ပေါင်ချိန်စက်ကို  တိတ်တိတ်လေး ကုတင်အောက်ထိုးကြိတ်ခေါက်ထည့်တယ်
ဘယ်သူမှ မမြင်ဘူး


 

Friday 24 August 2012

အခန်းဆက်ပျားရည်သံသရာထဲ ငါတို့အားလုံးကူးခတ်ပျံသန်းကြ

စမှတ်နဲ့ ဆုံးမှတ်အကြား ဒုလ္လဘတရားတစ်ခုရဲ့ အလျားရှိတယ်
ကွဲလွယ်အက်လွယ် ထိရှပျက်စီးလွယ်
ဖျတ်ကနဲ
အ၀ိဇ္ဖာတရားက အသီးအပွင့်တွေ ဝေဆာလှပခွင့်ပေးထားတော့
ဝှက်ဖဲတစ်ချပ်စီကိုင်ဆောင်ရင်း မောင်းနှင်ကြ  ခရီးဆက်ကြ
တစ်ဘက်မှာ
ကံကြမ္မာမောင်းခလုတ်တစ်ခု လက်ညှိုးကွေးလိုက်ဖို့တောင်မလိုအပ်
အချိန်မရွေးပြုတ်ကျသွားနိုင်သော
ကံကိုယုံကြည်ရင်း ပဒေသာပင်စောင့်ကြသူများ
ကံမကောင်းအကြောင်းမလှ ကံကိုသာပုံချကြသူများ
ကံ=အလုပ်
အလုပ်=အကြောင်း
ကံဆိုတာအလုပ် အကြောင်းကောင်းမှ အကျိုးလှမယ်
အကြောင်းအကျိုးဝါဒီများ
ပါးပါးကလေးပါ လစ်တမတ်စက္ကူတစ်ချပ်ရဲ့  ဟိုဒီတဘက်စီမှာ
ကာလသုံးပါး အထူအပါးမရွေး  မျက်နှာကြီးငယ်မဟူ

သင့်ဝှက်ဖဲကို တစ်ပါးသူများ သိမြင်ခွင့်ရလိုက်ကြတဲ့
လက်တစ်ဖျစ်ခဏငယ်မှာ
နောက်ထပ်မောဟအရေခွံတစ်စုံက  သင့်ကို ၀တ်ဆင်နေခဲ့ပြီ

Thursday 23 August 2012

လူကြီးမင်းနှင့် အင်တာဗျူး

ဟုတ်ကဲ့  အခု လူကြီးမင်းရှေ့ရောက်နေတာ ကျွန်တော်ပါ
ခင်ဗျာ 
ကျွန်တော်ဟာ  ငါလား  နင်လား  မင်းလား  သူလား  ဟုတ်လား
ဒီလိုဗျာ  ကျွန်တော်က ငါမဟုတ်  နင်မဟုတ်  မင်းလည်းမဟုတ်  သူလည်းမဟုတ်
လူရှိန်အောင်ပြောရရင် နာမ်နဲ့ရုပ်  (အတည်ပေါက်ပဲ)
ကျွန်တော့်ဦးနှောက်တွေရဲ့ အတွန့်တစ်ခုနဲ့ တစ်ခုအကြား ၀ါရှာတွေ တပ်ထားပါတယ်
အာရုံမပြို  ရေမယိုနိုင်လောက်ဘူး (ထင်ပါရဲ့)
အောင်မြင်မှုရေးရာမှာ တစ်နေ့တော့ လူကြီးမင်းတို့လမ်းရှေ့က ဘီလ်ဘုတ်ကြီးထဲ ကျွန်တော့်မျက်နှာမတွေ့ရဘူးလို့ ဘယ်သူ အာမခံမလဲ
ကျွန်တော့်မှာ အနာဂတ်ရှိပါတယ် လူကြီးမင်းပြောတာတွေအားလုံး ကျွန်တော့်ညာဘက်နားအတွင်းထဲမှာ သိုလှောင်ထားတယ်
ဗျာ  ကျွန်တော် ဒီအလုပ်ကိုရလိမ့်မယ်လို့ ထင်သလား
တွေ့လား ကျွန်တော့်ဦးခေါင်းပေါ်မှာ အန်တာနာနှစ်ချောင်းရယ် ဘာကိုမဆို စင်ခရိုနိုက်လုပ်ဖို့ ယူအက်စ်ဘီကေဘယ်တစ်ချောင်းရယ်
ကျွန်တော့်ရင်ဘတ်ထဲမှာ
ကျွန်တော့်မှာ သိခြင်းတွေရှိတယ်  အောင်မြင်မှုရဲ့သော့ချက်
စကားမစပ်
ကျွန်တော့်အဖေဟာ နာမည်ကြီး သော့ပြင်ဆရာ
(လေတယ်ကွာ)
ကျွန်တော့်ကိုယ်ကျွန်တော် ရောင်းအားမြှင့်တင်ခွင့်ပေးပါ
ကျွန်တော်ဟာ သူလိုကိုယ်လိုအပုပ်ကောင်တွေထက် သာလွန် (နည်းနည်းပိုပုပ်တာ ဖြစ်ချင်ဖြစ်မယ်)
ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို သိက္ခာထပ်နေကျ ပုထုစဉ်အရူးမျိုးတွေထက် တစ်မူးမကပိုသာ (တော်တော်လေး ရူးနေတာ)
ဆက်သွယ်ချင်တယ်ဆိုရင် ၇-၂၄ အချိန်မရွေး  ကျွန်တော့်လက်စွဲတော်ဖုန်းကို ဆက်လိုက်ပါ
ဘယ်အချိန် ဘယ်နေရာ ဘယ်ကမ္ဘာရောက်ရောက် ဆက်သွယ်မှုပြင်းအားကောင်းတဲ့ ကော်နက်ရှင်

P  A  U  S  E

လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်
လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပသို့
လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ
လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ
လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ
တူ  တူ  တူ  တူ  တူ  တူ   တူ  တူ  တူ  တူ   တူ  တူ..................


 

Tuesday 21 August 2012

အဲဒီညက ကပွဲခမ်းမထဲကို သူမ ရောက်လာခဲ့တယ်

အဲဒီညက ကပွဲခမ်းမထဲကို သူမ ရောက်လာခဲ့တယ်

အ၀င်ဝမှာ       "၁၈နှစ်ပြည့်ပြီးသူများသာ"ဆိုတဲ့  သတိပေးစာတမ်းရှိတယ်
အဲဒီညက ကပွဲခမ်းမထဲကို သူမ ၀င်လာတဲ့အခါ  ယောကျာ်းတွေရဲ့မျက်ဝန်းတံဆိပ်တွေ
သူမရင်သားနှစ်မွှာပေါ်  ခတ်    နှိပ်   လို့

ကျုပ်လောင်းရဲတယ် သူမရင်သားပြည့်ဖောင်းတွေဟာ စီလီကွန်ပူဖောင်းတွေဆိုတာ
ပီဘိအပျိုဖြန်းကလေးလို သူမရယ်သံက ခိုးခိုးခစ်ခစ်မြည်လို့
ဘေးကဖြတ်သွားတဲ့ ဘန်းကလေးထဲက ပြင်သစ်လုပ်ဝိုင်အနီတစ်ခွက်ကို
သူမ လှမ်းယူမော့သောက်လိုက်တယ်

အရည်၏ကောင်းခြင်းနဲ့ ပြည့်စုံလိုက်ပုံများ
ခမ်းမမီးရောင် ပြာမှောင်မှောင်အောက်မှာ
ဝိုင်အနီတွေ သူမလည်ပင်းတလျှောက် ဒိုးယိုပေါက်စီးဆင်းသွားတာ အားလုံးမြင်လိုက်ကြရ
သူမနှုတ်ခမ်းဟာ ၀ိုင်အနီတွေနဲ့ အပြိုင် နီရဲရွှန်းစို
သူမနှုတ်ခမ်းဟာ ရဲရဲတောက် ၀င်းမှည့်နေတဲ့ ပတ္တမြားခဲ
ကော့ကော့လေးညွှတ်ကွေးနေတဲ့ အဲဒီပတ္တမြားခဲကို ငါးမြှားတံမှာ ချိတ်တွယ်
တိတိပပဆိုရရင် သူမက အဲဒီနှုတ်ခမ်းကလေးနဲ့ အရာရာကို မျှားယူတယ်

ခမ်းမထဲရှိ အားလုံးသောမိန်းမတွေလက်ထဲက ၀န်တိုမှုသားလှီးဓါးတွေ သူမနောက်ကျောကို
(တကယ်တော့ သူမရင်ဝကိုတည့်တည့်) ထိုးဝင်စိုက်
မျက်လုံးစိမ်းပြာရောင် နှုတ်ခမ်းရဲစွေးနဲ့ အဲဒီ bitch အီကြာများလိုက်ပုံက ရွံစရာအန်ချင်စရာ တဲ့
သူမကတော့ ဖိတ်ခေါ်ဖော်ရွေအပြုံးတွေနဲ့ ကြော့ကွင်းကိုထောင်ထားခင်းကျင်းခဲ့

(ခါတိုင်းလိုပဲ ကျွမ်းကျင်မှုတွေနဲ့ စိတ်ချပိုင်နိုင်စွာ)

DJက ရေဟားနားသီချင်းတစ်ပုဒ် Unfaithful အပွတ်မှာ သူမ ကပွဲကွင်းပြင်ဆီ နင်းလျှောက်ခဲ့
"I dont want to do this anymore   I don't wanna hurt him anymore
I don't wanna take away his life   I don't wanna be a MURDERER"
ကိုယ်ကလေး ယိမ်းထိုးခုန်ပေါက်လို့  သူမ  မျှားနေတာ
ကိုယ်ကလေး ယိမ်းထိုးခုန်ပေါက်လို့  သူမ  အမျှားခံနေတာ
ကပွဲခမ်းမထဲမှာ
ချစ်ကျွမ်းဝင်မှုတွေရှိတယ်   လိင်မှုကိစ္စတွေရှိတယ်   ဖွေးဖွေးလှုပ်အသားစိုင်တွေရှိတယ်
သွေးသားလှုံ့ဆော်မှုတွေရှိတယ် အရာရာဝယ်ယူနိုင်တဲ့ အကြွေးကပ်ပြားတွေရှိတယ်
ရင်ညွန့်ပေါ်မှာ ဘယ်နှစ်ရတီမှန်းမသိနိုင်တဲ့ တဖျတ်ဖျတ်လက်စိန်ပွင့်တွေရှိတယ်
တခစ်ခစ်ခြစ်ပြီး ရယ်နေတာတွေရှိတယ် တခစ်ခစ်ခြစ်ပြီး မောနေတာတွေရှိတယ် 
အယ်လကိုဟော ၄၀%အဖျော်ယမကာဗော့ဒ်ကာတွေရှိတယ်
ကြွက်သားတောင့်တင်းတွေရှိတယ်   ရှိုက်ဖိုကြီးငယ်တွေရှိတယ်
အနမ်းတွေ ရှိတယ်   ပင့်သက်ရှူတာတွေ ရှိတယ်
ဘယ်တော့မှ မပြည့်ဝနိုင်တော့မဲ့အလိုဆန္ဒတွေ ရှိတယ်
သူမကတော့ နှုတ်ခမ်းကလေးနဲ့ပဲ အရာရာကို မျှားယူသွားခဲ့တယ်

အဲဒီညက ကပွဲခမ်းမထဲက သူမထွက်သွားတော့ မနက် နှစ်နာရီရှိပြီ
အဲဒီညက ကပွဲခမ်းမထဲကို  သူမ အသေအချာရောက်လာခဲ့တယ်


Sunday 19 August 2012

သုံးကားပေါင်း မိုးအလင်းရုပ်ရှင်

ကိုယ့်အလှည့်ရောက်ခါနီးမှ ကိုယ့်နံပါတ်ကို ကျော်ပြီးခေါ်လိုက်သလိုမျိုး
"The number may not be called in sequence"
ကြုံဖူးတယ် တခါတလေ
ကြုံဖူးတယ် မကြာခဏ
ဘ၀က အကွက်ကျော် အလှည့်ကျော် 
ကျော်  ကျော်နိုင်လွန်း
ရပ်ကွက်ထဲက အဖြူအမည်း သုံးကားပေါင်းမိုးအလင်းတွေလို
ဘ၀ကြီးက  တုန်တယ် မှုန်တယ်  တုန်တယ် မှုန်တယ် 
ကောင်းခန်းအရောက်မှာ ကားပြတ်ချင်လည်း ပြတ်မယ်
အတွေ့အကြုံတွေက အသုံးလုံးမကြေပေမဲ့
ဝလုံးရေးတတ်ရုံနဲ့ ဘွဲ့က ရချင်တာပဲ
ကားပြတ်သွားပေမဲ့ ရုပ်ရှင်ကြည့်ပရိသတ်က ဇာတ်အဆုံးကို ကြိုသိကြ
မြန်မာ့ရုပ်ရှင် ကမ္ဘာကို လွှမ်းရမည်
ရပ်ကွက်ထဲက အဖြူအမည်း သုံးကားပေါင်းမိုးအလင်းတွေလို
ရုပ်အရင်လာပြီးမှ အသံက နောက်ကလိုက်
ဘ၀ကြီးက ပါးစပ်ပေါက်နဲ့ အသံလွဲနေသလို
အလွဲတွေ အလွဲတွေ အသားတကျ
မေးရိုးအရှင်နဲ့ လျှာတစ်ချောင်း ကောင်းကောင်းအသုံးချ
မိုးလေ၀သ မကောင်းသေးလို့ပါ
ရူးချင်ယောင်ဆောင်နေတာ
ရပ်ကွက်ထဲက အဖြူအမည်း သုံးကားပေါင်းမိုးအလင်းတွေလို
ဘ၀ကြီးက ခပ်တုန်တုန် ခပ်မှုန်မှုန်
တုန်တုန်  မှုန်မှုန်  တုန်တုန်  မှုန်မှုန်
တုန်   တုန်   မှုန်   မှုန်
တုန်  မှုန်   တုန်  မှုန်
မှုန်  တုန်   မှုန်   တုန်
တုန်
တုန်
မှုန်
မှုန် 
မှုန်   မှုန    မှု    မှ    မ
ဘ၀  
ဘကုန်း   
ဝလုံး
------
------
------