Wednesday 26 December 2012

မသိကိန်းများနှင့် ဖက်လှဲတကင်း

X Y Z ဟာ မသိကိန်း သုံးလုံးဖြစ်ရင်
ပန်းတစ်ပွင့်ဟာလည်း မသိကိန်းတစ်လုံး
ကကြီး  ခကွေးဟာလည်း မသိကိန်းတွေပဲ
ကျွန်မအတွက် ရှင်ဟာ မသိကိန်းတစ်လုံးဖြစ်သလို
ရှင်တို့ ကျွန်မတို့ရဲ့ ဘဝကြီးကိုက မသိကိန်းတစ်လုံး ဖြစ်တယ်
ဘကုံး  ဝလုံး  ဘဝကနေ ဘကုံး ဝဆွဲနဲ့  ဖြစ်သလို ဘွလိုက်ရတဲ့ ဘွ
မသိကိန်းက ဘဝလား
မသိကိန်းက ဘွလား
ထားပါတော့....
ဘဝရဲ့ ညီမျှခြင်းကိုရှာ
ဘဝက အူတယ်
ဘဝက ကြောင်တယ်
ဘဝက ကျားတယ်
ဟာ......
ဘဝက အူကြောင်ကျားကြီးပါလား / ဝမ်းနည်းသွား...
ဘဝက ပိန်းတယ်  ဘဝက မှောင်တယ်
ဘဝက ထူတယ်  ဘဝက စုတ်တယ်
တစ်ချို့တစ်လေအတွက်တော့ ဘဝက ဟုတ်နေပြန်ရော...
ဘဝက ရွဲ့တယ်  ဘဝက စောင်းတယ်
ဘဝက ပဲ့တယ်  ဘဝက စွေတယ်
အကြောင်းကြောင်းတွေကြောင့်  အကြောင်းကြောင်းတွေဟာ မသိကိန်းဖြစ်နိုင်
ရှင်တို့ ကျွန်မတို့ဟာ လ နှစ်ချောင်းငင်နဲ့  "လူ" ကြတယ်
လူဟာ မသိကိန်းအဟောင်းအမြင်းကြီးပဲ တဲ့
မငြင်းနဲ့...
မှန်ထဲ   ခပ်ရဲရဲကြည့်
ငါ   လူနဲ့ တူရဲ့လား
ငါ   ဘာကောင်ပါလိမ့်
အခုဒီပုစ္ဆာမှာ  မသိကိန်းဟာ  အတိအကျ  "ငါ"


 

No comments:

Post a Comment