Wednesday 5 December 2012

FYI, She is DANGEROUS

သူမဟာ....

မျက်နှာမှာ အပြုံးချိုချိုတွေ ချိတ်ဆွဲထားလျှက်က
လက်ထဲက ဆောင်ဓါးကို လွှတ်မချလိုသူ ဖြစ်တယ်....။

ချစ်ခြင်း  မေတ္တာ  အနမ်းတွေအကြောင်း တီးတိုးရေရွတ်နေလျှက်က
သစ္စာဆိုတဲ့ စာမျက်နှာကို ကျော်ဖတ်သွားသူသာ ဖြစ်တယ်....။

ချစ်သူနဲ့ နွေးထွေးသာယာ ချစ်တင်းနှောနေခိုက်မှာ
လက်ထဲက နေကြာစေ့လှော်ကို တခွပ်ခွပ်ခွာစားနေတတ်သူလည်း  ဖြစ်တယ်....။

သတိရကြောင်း  တမ်းတလွမ်းဆွတ်ကြောင်းတွေ မျက်ရည်စက်လက်ကျ ကြွေပြရင်း
ရယ်စရာစာအုပ်ထဲက တစ်ကွက်ဟာသအကြောင်း တွေးနေမိတတ်သူလည်း ဖြစ်တယ်....။

ချစ်လိုက်တာမောင်ရယ် လို့ ကယုကယင် ပြောချင်ပြောပြီးမှ
လက်ထိုး အန်ချလိုက်တတ်သူလည်း ဖြစ်တယ်.....။

ဝါတွင်းသုံးလမှာ သားသတ်လွတ်စား မေတ္တာတရားပွားများနေတတ်ပြီး
ကျန်ကာလတွေမှာတော့ အသည်းစားရတာ အရသာရှိကြောင်း ပြောတတ်သူ ဖြစ်တယ်....။

အာဃာတတွေ လက်စားချေခြင်းတွေရဲ့ မဟန်ပုံကို ထောက်ပြရင်း
အသည်းကွဲဖူးတဲ့ မိန်းကလေးတွေကို တန်ပြန်စစ်ဆင်ရေး လက်ချာပေးတတ်သူလည်း  ဖြစ်တယ်....။

တန်ဘိုးတွေ  တန်ရာတန်ကြေးတွေအကြောင်း တဖွဖွပြောရင်းက
လွန်လေပြီးခဲ့တဲ့ အမှတ်တရတွေ  အကြင်နာနေ့စွဲတွေကို လက်ညှိုးထိုးရောင်းချလိုသူလည်း ဖြစ်သေးတယ်....။

သူမအကြောင်း အကြမ်းဖျဉ်း ကျွန်မသိသလောက် ဖောက်သည်ချပြီးပြီ...
ကဲ  ရှင်ကရော ဘယ်လိုလူလဲ....

သြော်  မေ့လို့...
ရှင့်ရဲ့ စိတ်ကျန်းမာရေးကို ကောင်းကောင်းကြီး တာဝန်ယူနိုင်ကြောင်း...
အခု  သူမလက်ထဲက ဆောင်ဓါးကို တမြမြသွေးနေတဲ့အကြောင်းလည်း...
သူမက  ပြောသွားသေးရဲ့....။


 

No comments:

Post a Comment