Tuesday 21 August 2012

အဲဒီညက ကပွဲခမ်းမထဲကို သူမ ရောက်လာခဲ့တယ်

အဲဒီညက ကပွဲခမ်းမထဲကို သူမ ရောက်လာခဲ့တယ်

အ၀င်ဝမှာ       "၁၈နှစ်ပြည့်ပြီးသူများသာ"ဆိုတဲ့  သတိပေးစာတမ်းရှိတယ်
အဲဒီညက ကပွဲခမ်းမထဲကို သူမ ၀င်လာတဲ့အခါ  ယောကျာ်းတွေရဲ့မျက်ဝန်းတံဆိပ်တွေ
သူမရင်သားနှစ်မွှာပေါ်  ခတ်    နှိပ်   လို့

ကျုပ်လောင်းရဲတယ် သူမရင်သားပြည့်ဖောင်းတွေဟာ စီလီကွန်ပူဖောင်းတွေဆိုတာ
ပီဘိအပျိုဖြန်းကလေးလို သူမရယ်သံက ခိုးခိုးခစ်ခစ်မြည်လို့
ဘေးကဖြတ်သွားတဲ့ ဘန်းကလေးထဲက ပြင်သစ်လုပ်ဝိုင်အနီတစ်ခွက်ကို
သူမ လှမ်းယူမော့သောက်လိုက်တယ်

အရည်၏ကောင်းခြင်းနဲ့ ပြည့်စုံလိုက်ပုံများ
ခမ်းမမီးရောင် ပြာမှောင်မှောင်အောက်မှာ
ဝိုင်အနီတွေ သူမလည်ပင်းတလျှောက် ဒိုးယိုပေါက်စီးဆင်းသွားတာ အားလုံးမြင်လိုက်ကြရ
သူမနှုတ်ခမ်းဟာ ၀ိုင်အနီတွေနဲ့ အပြိုင် နီရဲရွှန်းစို
သူမနှုတ်ခမ်းဟာ ရဲရဲတောက် ၀င်းမှည့်နေတဲ့ ပတ္တမြားခဲ
ကော့ကော့လေးညွှတ်ကွေးနေတဲ့ အဲဒီပတ္တမြားခဲကို ငါးမြှားတံမှာ ချိတ်တွယ်
တိတိပပဆိုရရင် သူမက အဲဒီနှုတ်ခမ်းကလေးနဲ့ အရာရာကို မျှားယူတယ်

ခမ်းမထဲရှိ အားလုံးသောမိန်းမတွေလက်ထဲက ၀န်တိုမှုသားလှီးဓါးတွေ သူမနောက်ကျောကို
(တကယ်တော့ သူမရင်ဝကိုတည့်တည့်) ထိုးဝင်စိုက်
မျက်လုံးစိမ်းပြာရောင် နှုတ်ခမ်းရဲစွေးနဲ့ အဲဒီ bitch အီကြာများလိုက်ပုံက ရွံစရာအန်ချင်စရာ တဲ့
သူမကတော့ ဖိတ်ခေါ်ဖော်ရွေအပြုံးတွေနဲ့ ကြော့ကွင်းကိုထောင်ထားခင်းကျင်းခဲ့

(ခါတိုင်းလိုပဲ ကျွမ်းကျင်မှုတွေနဲ့ စိတ်ချပိုင်နိုင်စွာ)

DJက ရေဟားနားသီချင်းတစ်ပုဒ် Unfaithful အပွတ်မှာ သူမ ကပွဲကွင်းပြင်ဆီ နင်းလျှောက်ခဲ့
"I dont want to do this anymore   I don't wanna hurt him anymore
I don't wanna take away his life   I don't wanna be a MURDERER"
ကိုယ်ကလေး ယိမ်းထိုးခုန်ပေါက်လို့  သူမ  မျှားနေတာ
ကိုယ်ကလေး ယိမ်းထိုးခုန်ပေါက်လို့  သူမ  အမျှားခံနေတာ
ကပွဲခမ်းမထဲမှာ
ချစ်ကျွမ်းဝင်မှုတွေရှိတယ်   လိင်မှုကိစ္စတွေရှိတယ်   ဖွေးဖွေးလှုပ်အသားစိုင်တွေရှိတယ်
သွေးသားလှုံ့ဆော်မှုတွေရှိတယ် အရာရာဝယ်ယူနိုင်တဲ့ အကြွေးကပ်ပြားတွေရှိတယ်
ရင်ညွန့်ပေါ်မှာ ဘယ်နှစ်ရတီမှန်းမသိနိုင်တဲ့ တဖျတ်ဖျတ်လက်စိန်ပွင့်တွေရှိတယ်
တခစ်ခစ်ခြစ်ပြီး ရယ်နေတာတွေရှိတယ် တခစ်ခစ်ခြစ်ပြီး မောနေတာတွေရှိတယ် 
အယ်လကိုဟော ၄၀%အဖျော်ယမကာဗော့ဒ်ကာတွေရှိတယ်
ကြွက်သားတောင့်တင်းတွေရှိတယ်   ရှိုက်ဖိုကြီးငယ်တွေရှိတယ်
အနမ်းတွေ ရှိတယ်   ပင့်သက်ရှူတာတွေ ရှိတယ်
ဘယ်တော့မှ မပြည့်ဝနိုင်တော့မဲ့အလိုဆန္ဒတွေ ရှိတယ်
သူမကတော့ နှုတ်ခမ်းကလေးနဲ့ပဲ အရာရာကို မျှားယူသွားခဲ့တယ်

အဲဒီညက ကပွဲခမ်းမထဲက သူမထွက်သွားတော့ မနက် နှစ်နာရီရှိပြီ
အဲဒီညက ကပွဲခမ်းမထဲကို  သူမ အသေအချာရောက်လာခဲ့တယ်


No comments:

Post a Comment