Wednesday, 26 December 2012

မသိကိန်းများနှင့် ဖက်လှဲတကင်း

X Y Z ဟာ မသိကိန်း သုံးလုံးဖြစ်ရင်
ပန်းတစ်ပွင့်ဟာလည်း မသိကိန်းတစ်လုံး
ကကြီး  ခကွေးဟာလည်း မသိကိန်းတွေပဲ
ကျွန်မအတွက် ရှင်ဟာ မသိကိန်းတစ်လုံးဖြစ်သလို
ရှင်တို့ ကျွန်မတို့ရဲ့ ဘဝကြီးကိုက မသိကိန်းတစ်လုံး ဖြစ်တယ်
ဘကုံး  ဝလုံး  ဘဝကနေ ဘကုံး ဝဆွဲနဲ့  ဖြစ်သလို ဘွလိုက်ရတဲ့ ဘွ
မသိကိန်းက ဘဝလား
မသိကိန်းက ဘွလား
ထားပါတော့....
ဘဝရဲ့ ညီမျှခြင်းကိုရှာ
ဘဝက အူတယ်
ဘဝက ကြောင်တယ်
ဘဝက ကျားတယ်
ဟာ......
ဘဝက အူကြောင်ကျားကြီးပါလား / ဝမ်းနည်းသွား...
ဘဝက ပိန်းတယ်  ဘဝက မှောင်တယ်
ဘဝက ထူတယ်  ဘဝက စုတ်တယ်
တစ်ချို့တစ်လေအတွက်တော့ ဘဝက ဟုတ်နေပြန်ရော...
ဘဝက ရွဲ့တယ်  ဘဝက စောင်းတယ်
ဘဝက ပဲ့တယ်  ဘဝက စွေတယ်
အကြောင်းကြောင်းတွေကြောင့်  အကြောင်းကြောင်းတွေဟာ မသိကိန်းဖြစ်နိုင်
ရှင်တို့ ကျွန်မတို့ဟာ လ နှစ်ချောင်းငင်နဲ့  "လူ" ကြတယ်
လူဟာ မသိကိန်းအဟောင်းအမြင်းကြီးပဲ တဲ့
မငြင်းနဲ့...
မှန်ထဲ   ခပ်ရဲရဲကြည့်
ငါ   လူနဲ့ တူရဲ့လား
ငါ   ဘာကောင်ပါလိမ့်
အခုဒီပုစ္ဆာမှာ  မသိကိန်းဟာ  အတိအကျ  "ငါ"


 

Wednesday, 19 December 2012

ရုက္ခ ဘာသာဗေဒ

ဆံစ အခက်အလက် အကိုင်းအနားတွေကနေ
ခြေဖျားအဖြောင့်အကွေး အရိုးအဆစ် ရေသောက်မြစ်တွေအထိ
စစ်စစ်မြည် ခံစားချက်တွေ
ယုံလွယ်ရိုးအမှု အရောင်တွေနဲ့
အတောင့်လိုက် သွတ်သွင်းရှင်သန်နေတဲ့ သစ်တစ်ပင်ဟာ ကျွန်မပေါ့....

ဘယ်မြေတောင်မြှောက်မှုအောက်မှာမှ
ဘယ်ရေလောင်းပေါင်းသင်မှုအောက်မှာမှ
ဘယ်လောင်းရိပ်အောက်မှာမှ  နေထိုင်ရှင်သန်ခဲ့ / ချင်ခဲ့တာ မဟုတ်ဘူး
ကျွန်မက ကိုယ့်ပင်စည်အထက်  ကိုယ်တိုင်မတ်မတ်လျှောက် မိုးပေါ်လမ်းဖောက်ခဲ့ရသူ
အချစ်  အမုန်း  အတ္တ  မာန  သိက္ခာ နာမခေါ်တွင်ကြတဲ့
ပညတ်အသီးအပွင့်တွေ ကိုယ်မှာ ခဲပြွမ်းဝေဆာနေတဲ့ သစ်ပင်....

ရှင်ဘယ်တော့မှ နားမလည်နိုင်မဲ့  ရင်တွင်းခံစားမှု
ရှင်ဘယ်တော့မှ အိပ်မက်နိုင်မှာ မဟုတ်တဲ့  မျှော်လင့် စွဲလမ်းမှု
ရှင်ဘယ်တော့မှ စာလုံးမှန်အောင် မပေါင်းနိုင်မဲ့ မေတ္တာ
ဒါတွေကို....ဘယ်တော့မှ...
ကျွန်မကလည်း   ရှင့်ကို နှုတ်တိုက်ချပေးလေမှာ မဟုတ်ဘူး....

ရုပ်ဝါဒီတွေလို  အရိုင်းဆန်ပြရရင်
နွယ်တစ်မျှင်လို ရစ်ပတ်လာတဲ့ ရှင့်လက်တွေထဲ
ကျွန်မကလည်း တုံ့ပြန်နှောင်ဖက် ပင်ချင်းယှက်လိုက်ရုံ
ကျွန်မလည်း  ခဏတော့ ပျော်ခွင့်ရှိပါတယ်  ပျော်တတ်ပါတယ်

ကျွန်မတို့က.... 
ကျွန်မ တို့ က....  သစ် ပင် တွေ ပါ
နှလုံးသားမရှိဘူးများ  ရှင်  ထင်နေသလား....


 

Thursday, 13 December 2012

"မျက်မှန်" တစ်နည်းဆိုရသော်...



လူထူထူထဲ ချပြလိုက်ရင် ကလက်တက်တက်နိုင်ချင်နိုင်လှပေမဲ့
သူ့ဟာသူတော့ ထားရာမှာနေသားတကျ အိနြေ္ဒရရနေတတ်
အရွယ်ရောက်ပြီးသူ အမျိုးသမီးတိုင်းအတွက် မရှိမဖြစ် သွားလေရာရာ တစ်သားတည်း ပါ
(သင်ဟာ တော့ပ်လက်စ်သာ မဟုတ်ခဲ့ရင်)
ကံကောင်းတဲ့နေရာမှာတော့ အမျိုးသမီးတွေရဲ့ နှလုံးသားနဲ့ အနီးကပ်ဆုံး
ဇာတာညံ့တဲ့အခါမျိုးမှာဆိုရင်တော့ ကိုယ်နံ့ ချွေးနံ့ပေါင်းစုံ ရှူရှိုက်ရ
(တစ်ကိုယ်ရည်သန့်ရှင်းမှုညံ့ဖျင်းတဲ့ မိန်းမတွေဆိုရင်ပေါ့)
အကွပ်မဲ့ကြမ်း (သည်းခံပါရှင်) အကွပ်မဲ့ဗိုက် ပရမ်းပတာ
စူထွက်နေတဲ့ ဗိုက်သားပုံ့ပုံ့တွေကို ပကတိမျက်စေ့နဲ့ ငုံ့ကြည့်လို့ရတဲ့ အခွင့်အရေး
ပခုံးနှစ်ဘက်ပေါ် ထမ်းတင်ထားရတဲ့….
အလျှော့အတင်း လိုသလို ညှိလို့ရတဲ့….ကြိုးနှစ်ချောင်း (မပါတဲ့အခါလည်း ရှိရဲ့)
နောက်ကျောဘက် ဒါမှမဟုတ် အရှေ့ဘက်မှာ အလွယ်တကူချိတ်တွယ်ဝတ်ဆင်
လိုက်ရုံ

ဒါ ရှက်စရာတဲ့  သဘာဝကိုဖုံးဖိခြင်း
ယဉ်ကျေးသောအမျိုးသမီးတိုင်း ဘရာဇီယာဝတ်ဆင်ကြသည်
အရှိအတိုင်းထက် ပိုပိုသာသာ မက်ဆီမိုက်ဇ်ဇာ
သိတ်များနေလို့ ၀ိတ်လျှော့ချင်ရင် မီနီမိုက်ဇ်ဇာ
လွယ်လွယ်လေး….

ဘရာဇီယာထုတ်လုပ်ရောင်းချသောကုမ္ပဏီတစ်ချို့၏ ကြော်ငြာဆန်းများမှာ အောက်ပါအတိုင်းဖြစ်သည်

၁။ ရာဇီယာ မ၀တ်ဆင်ခဲ့ခြင်းကြောင့် ဒိုင်နိုဆောများ မျိုးတုန်းသွားခဲ့ 
သင် ခေတ်သစ်ဒိုင်နိုဆော မဖြစ်စေရန် ကျွန်ုပ်တို့တာဝန်ထားပါ
၂။လိုအပ်ပါဘဲ သင့်ရင်အစုံ လွှတ်မခုန်စေရန် ကျွန်ုပ်တို့တာဝန်ယူသည်
၃။ Feel like hugging you softly
၎။ သင့်ကိုယ်ပေါ်မှာ ပိုးသားကလေးလို နူးညံ့ပျောင်းညက်မှုရဲ့ အရသာ


ပြိုင်ဆိုင်မှုတွေများတဲ့ ဈေးကွက်ထဲ အလုအယက်ကြော်ငြာကြ တီထွင်ဆန်းသစ်ကြ...
Elle    Vero Moda    Triumph     Stella Mcartney ဘယ်တံဆိပ်ကိုမဆို
စိတ်တိုင်းကျ ရွေး ချယ်  ၀ယ် ၀တ်
ရေစစ်အရွယ်ကနေ အေကပ်  ဘီကပ်  စီ ဒီကပ်တွေအထိ
နူးညံ့သောဖျင်စအစုံစုံနဲ့ ကန်တော့ချွန်ပုံကလေးထွက်အောင် ဒေါက်ကလေးတွေ အလိုက်သင့် ထည့်ချုပ်
မမြတင် ရွှေဝတ်မှုန်နုနုညက်  မီရှယ်အိုဘားမား ဂျနီဖာအန်နစ်စတန်  ဂျဲနက်ဂျက်ဆင်
အမေဇုံတောနက်ကြီးထဲက သဘာဝရင်သွေးငယ်များကလွဲလို့
အရွယ်မရောက်သေးသော အမျိုးသမီးငယ်များနှင့် အရွယ်အိုမင်းသူ အမျိုးသမီးကြီးများမှအပ
ကမ္ဘာအရပ်ရပ်မှ လေဒီများ၏ တခဲနက် ၀ယ်ယူဝတ်ဆင်အားပေးမှု

ပုံစံမျိုးစုံ အရွယ်ရွယ်အစားစား များပြားသော 

မတူကွဲပြားသော ပျိုပျိုအိုအို ရွယ်ရွယ်လတ်လတ်တိုင်းအတွက်
ဝတ်ဆင်မယ်ဆို  သင့်ကိုယ်ကို ၉၀ဒီဂရီ ခါးရှေ့ကို ညွှတ်ကိုင်းချ
သင်တို့ပိုင်ဆိုင်မှုအသီးသီးအတွက် အံဝင်ခွင်ကျဖို့အရေး 
ခွက်ကလေးထဲဝင်အောင် လက်ကလေးနဲ့ နည်းနည်းတော့ ပံ့ပိုးပေးရ

လှ

သွား

ပြီ…..



Wednesday, 5 December 2012

FYI, She is DANGEROUS

သူမဟာ....

မျက်နှာမှာ အပြုံးချိုချိုတွေ ချိတ်ဆွဲထားလျှက်က
လက်ထဲက ဆောင်ဓါးကို လွှတ်မချလိုသူ ဖြစ်တယ်....။

ချစ်ခြင်း  မေတ္တာ  အနမ်းတွေအကြောင်း တီးတိုးရေရွတ်နေလျှက်က
သစ္စာဆိုတဲ့ စာမျက်နှာကို ကျော်ဖတ်သွားသူသာ ဖြစ်တယ်....။

ချစ်သူနဲ့ နွေးထွေးသာယာ ချစ်တင်းနှောနေခိုက်မှာ
လက်ထဲက နေကြာစေ့လှော်ကို တခွပ်ခွပ်ခွာစားနေတတ်သူလည်း  ဖြစ်တယ်....။

သတိရကြောင်း  တမ်းတလွမ်းဆွတ်ကြောင်းတွေ မျက်ရည်စက်လက်ကျ ကြွေပြရင်း
ရယ်စရာစာအုပ်ထဲက တစ်ကွက်ဟာသအကြောင်း တွေးနေမိတတ်သူလည်း ဖြစ်တယ်....။

ချစ်လိုက်တာမောင်ရယ် လို့ ကယုကယင် ပြောချင်ပြောပြီးမှ
လက်ထိုး အန်ချလိုက်တတ်သူလည်း ဖြစ်တယ်.....။

ဝါတွင်းသုံးလမှာ သားသတ်လွတ်စား မေတ္တာတရားပွားများနေတတ်ပြီး
ကျန်ကာလတွေမှာတော့ အသည်းစားရတာ အရသာရှိကြောင်း ပြောတတ်သူ ဖြစ်တယ်....။

အာဃာတတွေ လက်စားချေခြင်းတွေရဲ့ မဟန်ပုံကို ထောက်ပြရင်း
အသည်းကွဲဖူးတဲ့ မိန်းကလေးတွေကို တန်ပြန်စစ်ဆင်ရေး လက်ချာပေးတတ်သူလည်း  ဖြစ်တယ်....။

တန်ဘိုးတွေ  တန်ရာတန်ကြေးတွေအကြောင်း တဖွဖွပြောရင်းက
လွန်လေပြီးခဲ့တဲ့ အမှတ်တရတွေ  အကြင်နာနေ့စွဲတွေကို လက်ညှိုးထိုးရောင်းချလိုသူလည်း ဖြစ်သေးတယ်....။

သူမအကြောင်း အကြမ်းဖျဉ်း ကျွန်မသိသလောက် ဖောက်သည်ချပြီးပြီ...
ကဲ  ရှင်ကရော ဘယ်လိုလူလဲ....

သြော်  မေ့လို့...
ရှင့်ရဲ့ စိတ်ကျန်းမာရေးကို ကောင်းကောင်းကြီး တာဝန်ယူနိုင်ကြောင်း...
အခု  သူမလက်ထဲက ဆောင်ဓါးကို တမြမြသွေးနေတဲ့အကြောင်းလည်း...
သူမက  ပြောသွားသေးရဲ့....။