Monday, 29 April 2013

လွှင့်ပစ်လိုက်ချင်သော....

ငါဟာ....အချစ်ဆိုတာကို 
ငါ့မျက်ခွံပေါ်က အိုင်းရှဲဒိုးတစ်ရောင်လောက်မှ
သောက်ဂရုမစိုက်ခဲ့တဲ့ ကောင်....
ခု....
ဘယ်ဘက်ရင်ဘတ်ထဲက ဝုန်းဒိုင်းကျဲနေတဲ့ ကောင်ကြီး
ကွာ.....
တစ်ဖန်လဲလဲ
အနိစ္စတရားကို နှလုံးသွင်းနေရ
မောလှတယ်...


Friday, 26 April 2013

ဆေးမြီးတို

နာကျင်လွန်းတဲ့ ရင်ဘတ်ကြောင့်
ငါ့လက်ကောက်ဝတ်ကို ဓါးနဲ့ လှီးမိတာ
အချိုကုန်သွားတဲ့နောက်…သူ့အသံကို မကြားရဲတော့လို့
ခေါင်းလောင်းကလေးကို ဖြုတ်ချထားခဲ့လိုက်ရတယ်
နာရီတွေကို ရပ်ထားလိုက်ချင်ခဲ့သလား
စံပယ်တွေကတော့ ပွင့်နေဦးမှာပဲ
အိပ်မက်ချင်း နီးစပ်ခဲ့သလား
ဟင့်အင်း  သူ  ခလုတ်တိုက်သွားခဲ့ရုံပါ ဘာကိုမှ ကြေကွဲမနေနဲ့
ညတွေဆိုတာ အချိန်တန်ရင် လင်းရဦးတော့မှာ….

ခုညတော့ ငါ  မိုင်းနပ်စ် ၁၅၀၀ ထဲ အေးခဲနေလိုက်ဦးမယ်...


Sunday, 7 April 2013

သခင့်ဆီ…


တံဆိပ်ခေါင်းမရှိတော့ စာတိုက်ကနေ ပို့ဖို့ ခက်
ကဗျာတစ်ပုဒ် မဟုတ်ပါဘူး
စာရွက်ဖြူတစ်ရွက်ပေါ်မှာ 
ဘယ်ဘက်ရင်ဘတ်ထဲက နှလုံးသားကို 
ခတ်နှိပ်ထားခြင်းသာ…..



Thursday, 28 February 2013

Exhibition

ရိုးရိုးလေးပါပဲ  အခင်းအကျင်းတွေကို အခမ်းအနားနဲ့ ချပြတဲ့ပွဲ

ရောင်းဈေးကို တစ်ခါတည်း ကိုယ်မှာ ကပ်ထားစဉ်
လည်မှာချိတ်ထားတဲ့ ဈေးနှုန်းတက်ဂ်က လေးလံလွန်းလို့ ဇက်ခိုင်နေကြသူများ
တလက်လက်ထနေတဲ့ အပေါ်ယံအရောင်တင်တွေနဲ့  ဈေးမြှင့်ခေါ်လို ခေါ်
ဈေးချထားတာတွေကတော့ စင်ရဲ့အောက်ဘက်မှာ ခပ်ယို့ယို့လေးတွေ မျက်လွှာချ
ဈေးတော့ကပ်ထားပါရဲ့  အထဲမှာ ဘာပါမှန်းမသိရတဲ့ အထုတ်တွေကလည်း ခေါင်းပြူတန်းစီလို့
၃၁ဘုံမှာ  ဒီတစ်ဘုံကတော့ဖြင့် 'ကြေး' တွေ ခေါင်းချင်းယှဉ်လို့ အကောင်းဆုံးနေရာ တဲ့
အနှံဟောင်းလောင်းတွေ ပေါ့ပါးထောင်မတ်နေကြပုံ

တစ်နေ့ ထမင်း ၂-နပ်စားတယ်
၁၀-နာရီ အလုပ် လုပ်တယ်
တစ်ပတ်မှာ တစ်ရက်တော့ နားတယ်
တစ်လမှာ ဆေးခွင့်ဘယ်နှစ်ရက် ယူသေးလဲ
ဟုတ်ကဲ့  သိချင်ပါတယ်
ဘာသာစကား ၃မျိုးတတ်တယ် 
ကိုယ်ချင်းစာတရားကိုသာ စာလုံးပေါင်းမှန်အောင် ပေါင်းတတ်ပါစေ
ဟုတ်ကဲ့
အပွေးမြင်နေရတာတောင်  အပင်မသိနိုင်တဲ့အဖြစ်က
အပေါ်ယံအရည်ပြားတွေ  မိကျောင်းရုပ်ပေါက်လာလို့
ဒါမှမဟုတ် လှည့်ဖျားမှုတွေကို နောက်ဆုံးဗားရှင်းအထိ အပ်ပ်ဂရိတ်လုပ်ထားလို့ပဲ
လူကြီးမင်းကို အသုံးချဖို့ ရည်ရွယ်ဝယ်ယူချင်တာ မဟုတ်လေတော့
ရောင်းဈေးနဲ့ အသုံးဝင်တန်ဘိုး တိုက်ရိုက် အချိုးကျ မကျ
စိတ်ဝင်စားစရာတော့ မကောင်းလှဘူး
ရောင်းတယ်  ဝယ်တယ်  လဲလှယ်တယ် အဲဒီထဲမှာ ကိုယ့်အတွက် အမြတ်
နှလုံးသားက ၁၀အောင်စသာသာမှာ ဦးနှောက်က ၃၆အောင်စလေးနေတော့ကာ....
လူကြီးမင်းအသံကို ဗော်လွန်းမ်နည်းနည်းတော့ ချလိုက် - - - ...
ဈေးကြီးတယ်  ကျွန်တော် မဝယ်နိုင်ဘူးဗျာ
အနည်းဆုံးတော့ ဥတုသုံးပါးရေရှည်ခံကြောင်း ပြေစာမှာ ရေးသားပေးလိုက်သင့်တယ်
စံချိန်စံညွှန်းအတိုင်း  အဝိဇ္ဖာနဲ့ တဏှာကို ပိုပိုသာသာ ရောမွှေထားပေးပါတယ် တဲ့  ဟုတ်ကဲ့
ပြီးတော့ လူကြီးမင်းရဲ့သက်တမ်း  ဒါကလည်း မသေချာပြန်ဘူး တဲ့ 
အားလုံးဟာ မှုန်ဝါးဝါး
အဝေးကလှမ်းကြည့်ကြည့်  အနီးကပ်ကြည့်ကြည့် အတူတူပါပဲ တဲ့
ခင်ဗျားကိုယ်ကို ခင်ဗျား ဖြည်ချပြလိုက်စမ်းပါ
မြေပြင်ညီမှာ အပြန့်လိုက် ဆန့်ချမပြချင်ရင်လည်း အလျားလိုက် ချိတ်ဆွဲချင် ဆွဲပေါ့ဗျာ
ကြမ်းခင်းဈေးလောက်တော့ သတ်မှတ်ဖို့ ကောင်းပြီ
Cashier က  'enter' တစ်ချက်ခေါက်လိုက်တာနဲ့  လူကြီးမင်းကို သယ်မ သွားလို့ရပြီ
ပြခန်းက ဖွင့်နေပြီဆိုတော့ကာ...
အိမ်အပြန်မှာ ထုတ်ပိုးပြီးသားတစ်ခုခုတော့ လက်ကကိုင်သွားလိုက်ချင်တယ်....



 

Monday, 21 January 2013

ထွက်ပြေးခြင်း.....

အမှိုက်တွေ ဒိုက်တွေနဲ့
ကြေးညှော်တွေ ပိတ်ဆို့မှုတွေနဲ့
သွေးစိမ်းတွေ ဒဏ်ရာနက်နက်တွေနဲ့
ပင့်ကူမျှင်တွေ တုတ်ချည်နှောင်ဖွဲ့ထားမှုတွေနဲ့
မရိုးသားမှုတွေ  မျက်နှာဖုံးတွေနဲ့
မာယာတွေ  အပြုံးတုတွေနဲ့
ဝှက်ဖဲတွေ  နောက်ကျောဓါးတွေနဲ့
ဝေးရာ....

ငါ  ထွက်ပြေးနေတယ်....
ငါ့စိတ်တွေထဲက....။


Wednesday, 26 December 2012

မသိကိန်းများနှင့် ဖက်လှဲတကင်း

X Y Z ဟာ မသိကိန်း သုံးလုံးဖြစ်ရင်
ပန်းတစ်ပွင့်ဟာလည်း မသိကိန်းတစ်လုံး
ကကြီး  ခကွေးဟာလည်း မသိကိန်းတွေပဲ
ကျွန်မအတွက် ရှင်ဟာ မသိကိန်းတစ်လုံးဖြစ်သလို
ရှင်တို့ ကျွန်မတို့ရဲ့ ဘဝကြီးကိုက မသိကိန်းတစ်လုံး ဖြစ်တယ်
ဘကုံး  ဝလုံး  ဘဝကနေ ဘကုံး ဝဆွဲနဲ့  ဖြစ်သလို ဘွလိုက်ရတဲ့ ဘွ
မသိကိန်းက ဘဝလား
မသိကိန်းက ဘွလား
ထားပါတော့....
ဘဝရဲ့ ညီမျှခြင်းကိုရှာ
ဘဝက အူတယ်
ဘဝက ကြောင်တယ်
ဘဝက ကျားတယ်
ဟာ......
ဘဝက အူကြောင်ကျားကြီးပါလား / ဝမ်းနည်းသွား...
ဘဝက ပိန်းတယ်  ဘဝက မှောင်တယ်
ဘဝက ထူတယ်  ဘဝက စုတ်တယ်
တစ်ချို့တစ်လေအတွက်တော့ ဘဝက ဟုတ်နေပြန်ရော...
ဘဝက ရွဲ့တယ်  ဘဝက စောင်းတယ်
ဘဝက ပဲ့တယ်  ဘဝက စွေတယ်
အကြောင်းကြောင်းတွေကြောင့်  အကြောင်းကြောင်းတွေဟာ မသိကိန်းဖြစ်နိုင်
ရှင်တို့ ကျွန်မတို့ဟာ လ နှစ်ချောင်းငင်နဲ့  "လူ" ကြတယ်
လူဟာ မသိကိန်းအဟောင်းအမြင်းကြီးပဲ တဲ့
မငြင်းနဲ့...
မှန်ထဲ   ခပ်ရဲရဲကြည့်
ငါ   လူနဲ့ တူရဲ့လား
ငါ   ဘာကောင်ပါလိမ့်
အခုဒီပုစ္ဆာမှာ  မသိကိန်းဟာ  အတိအကျ  "ငါ"


 

Wednesday, 19 December 2012

ရုက္ခ ဘာသာဗေဒ

ဆံစ အခက်အလက် အကိုင်းအနားတွေကနေ
ခြေဖျားအဖြောင့်အကွေး အရိုးအဆစ် ရေသောက်မြစ်တွေအထိ
စစ်စစ်မြည် ခံစားချက်တွေ
ယုံလွယ်ရိုးအမှု အရောင်တွေနဲ့
အတောင့်လိုက် သွတ်သွင်းရှင်သန်နေတဲ့ သစ်တစ်ပင်ဟာ ကျွန်မပေါ့....

ဘယ်မြေတောင်မြှောက်မှုအောက်မှာမှ
ဘယ်ရေလောင်းပေါင်းသင်မှုအောက်မှာမှ
ဘယ်လောင်းရိပ်အောက်မှာမှ  နေထိုင်ရှင်သန်ခဲ့ / ချင်ခဲ့တာ မဟုတ်ဘူး
ကျွန်မက ကိုယ့်ပင်စည်အထက်  ကိုယ်တိုင်မတ်မတ်လျှောက် မိုးပေါ်လမ်းဖောက်ခဲ့ရသူ
အချစ်  အမုန်း  အတ္တ  မာန  သိက္ခာ နာမခေါ်တွင်ကြတဲ့
ပညတ်အသီးအပွင့်တွေ ကိုယ်မှာ ခဲပြွမ်းဝေဆာနေတဲ့ သစ်ပင်....

ရှင်ဘယ်တော့မှ နားမလည်နိုင်မဲ့  ရင်တွင်းခံစားမှု
ရှင်ဘယ်တော့မှ အိပ်မက်နိုင်မှာ မဟုတ်တဲ့  မျှော်လင့် စွဲလမ်းမှု
ရှင်ဘယ်တော့မှ စာလုံးမှန်အောင် မပေါင်းနိုင်မဲ့ မေတ္တာ
ဒါတွေကို....ဘယ်တော့မှ...
ကျွန်မကလည်း   ရှင့်ကို နှုတ်တိုက်ချပေးလေမှာ မဟုတ်ဘူး....

ရုပ်ဝါဒီတွေလို  အရိုင်းဆန်ပြရရင်
နွယ်တစ်မျှင်လို ရစ်ပတ်လာတဲ့ ရှင့်လက်တွေထဲ
ကျွန်မကလည်း တုံ့ပြန်နှောင်ဖက် ပင်ချင်းယှက်လိုက်ရုံ
ကျွန်မလည်း  ခဏတော့ ပျော်ခွင့်ရှိပါတယ်  ပျော်တတ်ပါတယ်

ကျွန်မတို့က.... 
ကျွန်မ တို့ က....  သစ် ပင် တွေ ပါ
နှလုံးသားမရှိဘူးများ  ရှင်  ထင်နေသလား....