Wednesday, 17 October 2012

အဲဒီ့မိန်းမ

ဒေါင်လိုက်တိုင်းရင် ငါးပေလေး  ဒေါက်နဲ့ပေါင်းရင်  ငါးပေခွန်နစ်
၃၆ -၂၈ - ၃၈   အချိန်က  ငါးဆယ့်ခြောက်ကီလိုစီးတဲ့
အဲဒီ့မိန်းမ

မရိုးသားဘူးထင်ရင် ကိုယ့်အရေပြားပေါ်က အသားတွေကိုတောင် ခြစ်ထုတ်ပစ်လိုက်ဦးမဲ့  မိန်းမ
အချိုရည်စိမ်ထားတဲ့ ရှင့်စကားလုံးတွေထဲမှာ ကိုယ့်အသေ ကိုယ် ခဏခဏပြန်ရှာတတ်တဲ့  မိန်းမ
အိမ်မက်ဆန်ဆန်တွေထဲ အသွေးနှစ် အသားနှစ် အလွမ်းတွေစေးစေးပိုင်ပိုင်နဲ့ မွန်းအစ်နေတတ်တဲ့  မိန်းမ
သမုဒယနွံအိုင်ဟာ မီးစာတစ်ခုလို ရင်ထဲက အလွမ်းတွေကို ထထတောက်စေတတ်တဲ့ မိန်းမ
ကျိန်စာမိနေတဲ့ ရှင့်ရင်ဟာ ကျွန်မငရဲလောက်များ ပူဦးမလားလို့ မျက်နှာစေ့စေ့ကြည့် မေးလိုက်ချင်မိတဲ့  မိန်းမ
အပြုံးတစ်ချက်မှာ ဘာဝှက်ဖဲမှမရှိ ပကတိ အိပ်သွန်ရင်မှောက်
ခံစားချက်တွေကို ဖောက်ထုတ်ဖွင့်ချပစ်တတ်တဲ့  မိန်းမ
သစ္စာတရားကို ဆီမန်းတစ်ခုလို ဥုန်ခံ မန်းမှုတ်တတ်ခဲ့တဲ့ မိန်းမ

ငုံနေတဲ့အလွမ်းတွေဟာ  ရှင့်အသံကြားတိုင်း တစ်ဝုန်းဝုန်း ထပွင့်တတ်တဲ့ မိန်းမ

အဲဒီမိန်းမဟာ...
သုံးဆယ့်တစ်ဘုံမှာ ငြီးငွေ့လို့  သံသရာက အပြတ်
ဒီတစ်ဘ၀နဲ့ ဖြတ်တော့မဟဲ့လို့ ဆိုခဲ့ရင်...
တစ်ဆိတ်လောက်တော့
ရှင်တို့ နည်းနည်းကလေးမှ မ ပြုံး မိ ပါ စေ နဲ့....

Friday, 14 September 2012

အကောင်အထည်ရှိသော စိတ်-ကျ-ရော-ဂါတစ်ခုရဲ့ ဖြစ်စဉ်



အနည်ထိုင်နေတာ ကြာလာတော့
စိတ်ကို  မကြာခဏ မွှေမွှေပေးနေရ
အဖိုဓါတ်မဟုတ်သော  အမဓါတ်မဟုတ်သော
ကံ ဥတု အာဟာရအပေါ် အပြန်အလှန်တည်မှီနေသော
ဘုံဖျားမှာ အခြေမဲ့ ချိတ်ထားတတ်သော
တနံတလျား ခရီးသွားလာတတ်သော
အရောင် အဆင်း အနံ့ အရသာမဲ့သော
စိတ်ကို.....
ပုံသွင်းကြ ဘောင်ခတ်ကြ  ဟဲစလွန်းပို့ပြီး ကောက်ကြ
စိတ်အ၀ိုင်း  စိတ်လေးထောင့်  စိတ်မှန်ကူကွက်
စိတ်အနက်  စိတ်အ၀ါ  စိတ်အနီ  စိတ်ကြည်ပြာ
စေတသိကရဲ့ ချယ်လှယ်မှု့အောက်မှာ စိတ်ကို အရောင်ဆိုးကြ
စိတ်အသွား  စိတ်အလာ  စိတ်အလေ  စိတ်အလွင့်  စိတ်အပင့်  စိတ်အမျော
စိတ်အခင်းအကျင်း  စိတ်အရှင်းအလင်း
စိတ်ကို စိတ်နဲ့ပူးချည်
စိတ်ကို စိတ်နဲ့ပေါင်းကွပ်
စိတ်ကို စိတ်နဲ့ ထိုးကော်
စိတ်ကို စိတ်နဲ့ ပြစ်ခွင်း
စိတ်ကို စိတ်နဲ့ ဖြားယောင်း
စိတ်ကို စိတ်နဲ့ ခွကျော်တက်
စိတ်ကို စိတ်နဲ့ လက်ဆွဲနှုတ်ဆက်
စိတ်ကို စိတ်နဲ့ ပခုံးချင်းဝင်တိုက်
စိတ် + ထက်ပိုင်းကျိုးတယ်/ စိတ် + တဆစ်ဆစ်နာတယ်
စိတ် + ပြုတ်ကျတယ်/  စိတ် + ပြန်ကုန်းထလာတယ်
ပညာရှိယောင်ဆောင်သော + စိတ်/ ငါ့လှေငါထိုးပဲခူးရောက်သော + စိတ်
"လေတယ်ကွာ"တွေ နံရံအပြည့် ချိတ်ဆွဲထားသော + စိတ်/  လက်သီးလက်မောင်းတန်းနေသော + စိတ်
သဒ္ဒါတွေ လွဲ လွဲနေတဲ့ စိတ်  အထာတွေ ချော် ချော်နေတဲ့ စိတ်
"တက်" လို့ အမိန့်ပေးရုံနဲ့  အလိုက်သင့်ပါမလာတဲ့
စိတ်ဟာ...
ဖရိုဖရဲ  ကစဥ့်ကလျား  တပ်ပျက်စဉ်
ကျကျမ်းအတိုင်း ကသောကမျော
ဇောက်ထိုးဆင်းတယ်

Monday, 10 September 2012

အဲဒီလမ်းမ

ခေတ်ဟာ
ကျူးကျော်ရပ်ကွက်တွေလို နတ် နေရာမရ 
အထာမကျလိုက်ပုံ
ငါ့ပိုင်နက်နော် မင်း ဟိုဘက်နည်းနည်းရွေ့လိုက်
ဆီသွတ်ဗူးထဲက အကောင်တစ်ကောင်က သူ့ဘေးကကောင်ကို ပြောတယ်
အင်္ဂါဂြိုလ်ပေါ်မှာ ဂရန်တွေပေးနေတယ် တဲ့
သားတစ်ကွက် သမီးတစ်ကွက် အိမ်ကအဖိုးကြီးတစ်ကွက်
နောက်ဖေးမှာ အငှားအဖီလေးချနေတဲ့ မိတုတ်တို့အတွက် တစ်ကွက်
မြေထုကျဉ်းလာလိုက်ပုံက ၆ပေခေါင်းတောင် မီနီမိုက်ဇ်လုပ်ရတော့မလိုလို
အဲဒီမြေပေါ်မှာ အဲဒီလမ်းထဲမှာ အဲဒီငါးသေတ္တာဗူးခွံထဲမှာပဲ
ဒီိလိုပဲ နေလာလိုက်ကြတာ  အဲဒီလမ်းထဲမှာ
အဲဒီလမ်းထဲမှာ နတ်မျက်စေ့တွေရှိတယ်  အကြည့်တွေရှိတယ်
စားဝတ်နေရေးတွေရှိတယ်  အထည်ကြီးပျက်တွေရှိတယ်
အပေးအယူနားလည်မှုတွေရဲ့ ကွန်ယက်တွေရှိတယ်
ဘ၀သရုပ်ဖော်စစ်စစ်တွေ ရှိတယ်  ဖြစ်ရိုးဖြစ်စဉ်တွေရှိတယ်
အဲဒီလမ်းထဲမှာ အသံတွေရှိတယ် ဟဲလို ကြားလားတွေ ရှိတယ်
သာမန်နားရွက်နဲ့ အကြားတွေ ရှိတယ်
ထူထဲတဲ့အက်ခိုးတွေနဲ့  အကြားတွေရှိတယ် 
အဲဒီလမ်းထဲမှာ အုတ်ကြားက မြက်လေးတွေလည်း ရှိတယ်
အဲဒီလမ်းထဲမှာ စံပယ်တွေ နှစ်ရာဖိုးငါးကုံး ရှိတယ်
တစ်စောင်နှစ်ရာ သုံးစောင်မှ ငါးရာတန် လက်ပွေ့ဂျာနယ်တွေ ရှိတယ်
အဲဒီလမ်းထဲမှာ အိတ်ဇောသံဗျင်းဗျင်းမြည်တဲ့ ဘီးနှစ်လုံးတွေ ရှိတယ် စုန်ဆန်လို့
အဲဒီလမ်းထဲမှာ ချက်ဆို နားခွက်ကမီးတောက်တွေ ရှိတယ်
သမိုင်းမကောင်းရင် အုတ်ကျင်းလောက်တော့လုပ်လိုက်တွေ ရှိတယ်
အဲဒီလမ်းထဲမှာ အဝေးပစ်လက်နက်တွေ ရှိတယ် နှစ်ကိုယ်ကြား အမနာပတွေ ရှိတယ်
တောင်ဒဂုံလား ၄၅၀၀တော့ပေးဗျာ  ဈေးဦးပေါက်မို့ပါ
အဲဒီလမ်းထဲမှာ ချစ်တင်းနှောမှုတွေ ရှိတယ် 
အဲဒီလမ်းထဲက တစ်ချို့အိမ်တွေရှေ့မှာ မီးပုံးနီနီလေးတွေ ချိတ်ဆွဲထားတယ် 
မျက်တောင်တုလေးတွေနဲ့
အသစ်လေးတွေရှိတယ်ဆရာ အထဲသာဝင်သွား
မာဆတ်ခန်း လွတ်တယ် ရိုးရိုးလား  ရှယ်လား
တစ်ကိုယ်လုံးအကြောပေါင်းတစ်ထောင်စိမ့်
စိန်ခြူးကြာညောင်လေးနဲ့ နှိပ်ပေးလို့ရတယ်  ဂွတ်ရှယ် ဆရာ
ဖြစ်စဉ်တစ်ခုလုံးဟာ အဲဒီလမ်းမကြီးကို ဗဟိုပြုပြီး တရစပ်ပေါ်ပေါက်နေတယ်

အဲဒီလမ်းမဟာ ကျွန်တော့်ကိုယ်ထဲက ရုတ်တရက်ခုန်ထွက်ပြီး
သူ့ကိုယ်လုံးမည်းနက်ရှည်ပြားကို အလျားလိုက်စန့်ချလိုက်စဉ်
ဆင်တူ မျက်နှာဖုံးနဲ့လူတွေ သူ့ကိုယ်ပေါ် ဝေါကနဲ စီးဆင်းသွား
အသံတွေကြားလိုက်ရ


Thursday, 30 August 2012

ဟေ့လူ ခင်ဗျားကိုပြောနေတာ

ကစားနည်းတိုင်းဟာ Free & Fair ဖြစ်ရမယ်လို့ ဘယ်ငတုံးက ပြောလဲ
တာလီဘန်တွေကို ကြည့်  ဆီးရီးယာန်းတွေကို ကြည့်
ထမီရင်လျားနဲ့ ယောကျာ်းခတ်ပေးတဲ့ ချိုးရေကို စောင့်ဆိုင်းနေတဲ့မိန်းမ
နင်တို့အဖေလာမှ ထမင်းစားရမှာ
အိမ်ရှေ့လမ်းမပေါ် ကစားရင်းစောင့်နေတဲ့ ဘုစုခရုတွေ
ခွေပုံချင်းတူရင်တောင် အတွေးအခေါ် ဉာဏ်ရည်ဉာဏ်သွေး ထပ်တူ မညီကြ
ကိုယ့်ဦးနှောက်နဲ့ကိုယ်
ခင်ဗျားက ခင်ဗျား  သူက သူ လိုင်းပူးရင်
အာရုံတွေ နောက်ရုံ  ဆင်လည်း ဆင့်အထွာ
သာတူညီမျှမှုတွေ လိုက်ရှာနေရင်
ထမင်းတွေ တစ်ထုတ်ပြီး တစ်ထုတ်အသိုးခံလိုက်ရုံ
မိအေးအော်တာပဲ ကမ္ဘာကြီးနားခွက်က ကြား
နောက်ကျောကဓါးထိုးခံရတော့ 
စိတ်နာရမဲ့မျက်နှာကြီး မမြင်ရဘူးပေါ့ (သက်သက်သာသာလေး လုပ်ကြပါ)
ရိုက် ရိုက်ဆိုတော့မှ ခေါင်းလား ခြေသလုံးလား
ချက်ကောင်း ရွေးမနေနဲ့  သာတူညီမျှပါဆိုနေ
ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်
ခင်ဗျားဗိုက်ဟောင်းကြီးပြည့်ဖို့ ကျွန်တော့်အလိုတွေ ဖဲ့ဖဲ့ပေးရ
သာတူညီမျှမှုအကြောင်း တောင်းဆိုနေသမျှ
မှောင်သောညတွေပြီးရင်
တွေ့မယ် ငြိမ်းချမ်းသောကမ္ဘာသစ်ကြီး (အဲသလို မျှော်လင့်ရတာပဲ)
မော်တော်ကားဟောင်းတွေ ဘော်ဒီထုသလို
ခင်ဗျားဘော်ဒီအဟောင်းကြီး ထုကြည့်ပါလား
သုံးလို့ရတာ  မရတာက နောက်ကိစ္စ
ဟေ့လူ အခု ကျွန်တော်ပြောနေတာ သာတူညီမျှကိစ္စတွေ 


 

Monday, 27 August 2012

ကျွန်ုပ်တို့အားလုံး လိတ်တက်စ်သတင်းများနှင့် သတင်းကို ဖျော်ဖြေရန်

ဟိုက်ဒြိုဂျင်လျော့စပြုနေတဲ့ ပူဖောင်းတစ်လုံးလို အထက်လည်းဆက်မတက် အောက်လည်းကျ မလာ
ဘ၀က
ငြီးငွေ့မှုတွေကိုတောင် ငြီးငွေ့ဖို့  ငြီးငွေ့လာတဲ့နောက်
ပြောကြည့်ရမလား အသစ်အဆန်း
ဟိုမော်ဒယ်မလေး အသည်းကွဲနေတဲ့ သတင်း
သူက အချစ်ကို ဘ၀နဲ့တွဲချည်ထားမှတော့  ကွဲပြီပေါ့ကွာ
ကြားခံပစ္စည်းတွေ တိုးတက်လာတဲ့ခေတ်မှာ လူတိုင်းမီဒီယာ အားလုံးပူးပေါင်းပါဝင်ကြ
သူသူ ငါငါ မွေးလာကတည်းက မီဒီယာစီတီဇန်ရှစ်
မှတ်ပုံတင်မှာ တစ်ခါတည်းဖြည့်လိုက်
လမ်းထိပ်ကလူလေ သူ့ကောင်မလေးကိုအသက်ပေးချစ်တယ်ဆိုတဲ့ကောင်
ဆေးလိပ်တောင် မီးခိုးအူအောင်မသောက်တတ်တဲ့ကောင်က
သူ့ကျောမှာ အိုင်လပ်ဗ်ကိုကင်းဆိုတာကြီး တက်တူးထိုးနှံလို့   ရယ်ရတယ်
ကမောက်ကမကောင်
ဘုရားပွဲမှာ သူငယ်ချင်းတက်တူးထိုးလို့ လိုက်ထိုးတာပါဗျာ တဲ့  ကြွက်ပြုံးကလေးနဲ့
သတင်းဖြစ်ပြီလား
သားရေ ခုန်သာချလိုက် မကြောက်နဲ့ အဖေဆီးဖမ်းမှာပေါ့ကွာ ရဲရဲသာခုန်ချ
သားကလေး မြေကြီးပေါ်ဘိုင်းကနဲပစ်အကျ  အဲဒါပဲငါ့သား အဖေပြောတိုင်းလည်း မယုံနဲ့  တဲ့
ခေတ်ကြီးကိုက
သံသယတွေကို မြေဩဇာကျွေး လှလှပပမွေးမြူနေကြတဲ့ ခေတ်
ကိုယ့်ဒူးတောင် ကိုယ်မယုံရမှတော့
လက်ဝှေ့ကြိုးဝိုင်းဟာ မျက်နှာကြီး ညိုမဲဖူးယောင်လို့
ကြိုးဝိုင်းထဲရောက်မှ ကိုယ်ချင်းစာတရားအကြောင်း ဖျတ်ကနဲ သတိရမိသတဲ့
ဝဋ်ကြီးလိုက်ပုံများ
ဒါ သတင်းဖြစ်ပြီလား
သတင်းဟာ သတင်းယောင်ဆောင်လို့ တိုင်းခန်းလှည့်တယ်
ဘယ်သူမှ မမှတ်မိကြဘူး
အိုစမာဘင်လာဒင် ကင်ဂျုံဧ ဂဒါဖီ  လားပင်စင်တစ်သက်စာ
သတ္တ၀ါတွေ အေးချမ်းကြပါစေ
တခုတ်တရသတင်း မဟုတ်တော့ဘူး
ကောင်းကင်မှ အမိန့်အရ ဤလက်ပစ်ဗုံးကို ကျွန်ုပ်အသေခံပြီးခွဲသည်
ထူးဆန်းသောအိပ်မက်အရ ကျွန်ုပ်ရေကူး၍လာသည်
ဘရာသာနံပါတ်ဝမ်း တာဝန်ပေးချက်အရ  လူသတ်ကွင်းမှာပါဝင်ခဲ့ရသည်
ခမာတို့အပေါ် ကျွန်ုပ် Duch၌ အပြစ်မရှိ  
အိတ်စ်ပိုင်ယာရီသတင်းတွေ
စားသုံးက သင့်ကို ဥပါဒ်ဖြစ်စေနိုင်၏
ကြိုးစားပြောကြည့်ပါဦးလား  အသစ်အဆန်းလေးတစ်ခုတစ်လေ
ရုပ်ဖျက်ထားတဲ့ သတင်းက စီတီဇန်မီဒီယာခေတ်ကို တစ်ခစ်ခစ်ရယ်ရင်း ပြောတယ်

Sunday, 26 August 2012

စတေဒီယမ်ဟာ A-D-I-D-A-Sကြီးစီးပြီး လမ်းလျှောက်ထွက်လာတယ်

မြက်ခင်းစိမ်းဘောလုံးကွင်းကို ပါးစပ်ထဲထည့်ငုံထားတဲ့
စ မှတ်တွေမတူကြတဲ့ အနီရောင်ပြေးလမ်း ၈လမ်း ပါ
ဘေးပတ်လည်မှာ လှေကားထစ်ပွဲကြည့်စင်တစ်ခု ပါ
ကွင်းဘေးဘယ်ညာမှာ အားကောင်းတဲ့ အမြဲလာတဲ့မီးမောင်းကြီး နှစ်ခု ပါ
စတေဒီယမ်အင်္ဂါရပ်အပြည့်နဲ့  စတေဒီယမ်
အင်ရူးဝါးရန့်ဝယ်ထားတယ်
ဘောလုံးကွင်းအလယ်မှာ အစမ်းလေ့ကျင့်နေသော ဘောလုံးသမားများ
တူညီဝတ်စုံကိုယ်စီ  အသွေးအသား စိတ်ဓါတ်ခွန်အားတွေ တူနိုင်ပါရဲ့လား (နောက်မှ စဉ်းစားတာပေါ့)
ကွင်းလယ်မှာ ဘောလုံးနည်းပြ တရားစဟောနေတယ်
စတိုင်ကတော့ ဂိုက်ရော ဆိုက်ရောအပြည့် ဖာဂူဆန်လိုလို  သာကူဆန်လိုလို
ပြေးလမ်းမမှာ အရောင်အသွေးစုံစုံ ပြေးနေကြသူတွေ
တစ်ချို့က ကြွကြွ  တစ်ချို့က ရွရွ  
တစ်ချို့က မ ရုံလေး ခြေထောက်ကို လှလှပပ မ ပြီး ကွင်းပတ်ကြ
စတေဒီယမ်က မောင်းနှင်နေပုံ
နာမည်ရှိတဲ့ ဖိနပ်တံဆိပ်စုံ ဂုဏ်ယူ ၀တ်ဆင်ကြ
ကျွန်တော်တို့ ကုမ္ပဏီတံဆိပ်ကို စိတ်ချစွာ ၀ယ်ယူဝတ်ဆင်ပါ
သင့်ခြေချောင်းတွေကို ကြိုးနှစ်ချောင်းစည်းလိုက်ရုံနဲ့ လုံခြုံစွာ ထုတ်ပိုးပေးမှာ
အဆင့်မြင့်ကူရှင်အပြည့်ခံ ချုပ်လုပ်ထားတာမို့ အားလုံးထက်ရှေ့ရောက်အောင် ပံ့ပိုးပေးနိုင်တာ
နေပါဦး အားလုံးထက်ရှေ့ရောက်မှာ
စီးသူလား
ဖိနပ်လား
အဆင့်မြင့်ကူရှင်အပြည့်လား
ကြိုးနှစ်ချောင်းလား
ဖိနပ်ဘိုးငွေလား
ကုမ္ပဏီလား
ထားပါတော့ ခင်ဗျားခြေထောက်ကို မကိုက်ဘူးဆိုရင်တောင် စိတ်ချလက်ချ
ခင်ဗျား စီးလိုက်လို့ရပြီ
မိန်းမကြီးက ဘေးကလူကို မေးတယ်
မောင် ရှေ့ကပြေးနေတဲ့မိန်းမလောက် အချစ်ဝနေလားဟင်
သေချာပေါက် သူ့ကိုယ်လုံးနှစ်ဆလောက်ရှိတဲ့ သူကိုမှ မေးငေါ့ပြပြီးလေ
မိန်းမကြီးရဲ့ ရိုက်ချက် ပိုင်တယ် နိုင်တယ် တွတ်စရာမရှိဘူး  ဒဲ့  ဒဲ့
ဘောင်းဘီတိုရှည်  ပေါင်တံတိုရှည် ပြေးလမ်းတိုရှည်
ကွဲပြားနေမှုတွေနဲ့ စတေဒီယမ်  စတမ်မနာကောင်းဖို့ တိုင်မင်မှတ်နေတယ်
တစ်ပတ်ပြီးတိုင်း တစ်ပတ်  တစ်ပတ်ပြီးတိုင်း တစ်ပတ်
ခေါင်းမူးလာတဲ့စတေဒီယမ်ဟာ ဟန်ဒွက်ပလပ်စ်သောက်ရင်း ခဏနားတယ် ငြီးစီစီဖြစ်လာလို့ တဲ့
မှောင်စပျိုးလာတဲ့အခါ စတေဒီယမ်ဟာ အေ-ဒီ-အိုင်-ဒီ-အေ-အက်စ်ဖိနပ်ကြီးထဲ
ထုတ်ပိုးထားတဲ့ဂျယ်လီခြေထောက်တွေကို ခေါင်းပေါ်တင်ရင်း
လာလမ်းအတိုင်းအငွေ့ပျံ အိမ်ရောက်တဲ့အခါ
စတေဒီယမ်ဟာ ပေါင်ချိန်စက်ကို  တိတ်တိတ်လေး ကုတင်အောက်ထိုးကြိတ်ခေါက်ထည့်တယ်
ဘယ်သူမှ မမြင်ဘူး


 

Friday, 24 August 2012

အခန်းဆက်ပျားရည်သံသရာထဲ ငါတို့အားလုံးကူးခတ်ပျံသန်းကြ

စမှတ်နဲ့ ဆုံးမှတ်အကြား ဒုလ္လဘတရားတစ်ခုရဲ့ အလျားရှိတယ်
ကွဲလွယ်အက်လွယ် ထိရှပျက်စီးလွယ်
ဖျတ်ကနဲ
အ၀ိဇ္ဖာတရားက အသီးအပွင့်တွေ ဝေဆာလှပခွင့်ပေးထားတော့
ဝှက်ဖဲတစ်ချပ်စီကိုင်ဆောင်ရင်း မောင်းနှင်ကြ  ခရီးဆက်ကြ
တစ်ဘက်မှာ
ကံကြမ္မာမောင်းခလုတ်တစ်ခု လက်ညှိုးကွေးလိုက်ဖို့တောင်မလိုအပ်
အချိန်မရွေးပြုတ်ကျသွားနိုင်သော
ကံကိုယုံကြည်ရင်း ပဒေသာပင်စောင့်ကြသူများ
ကံမကောင်းအကြောင်းမလှ ကံကိုသာပုံချကြသူများ
ကံ=အလုပ်
အလုပ်=အကြောင်း
ကံဆိုတာအလုပ် အကြောင်းကောင်းမှ အကျိုးလှမယ်
အကြောင်းအကျိုးဝါဒီများ
ပါးပါးကလေးပါ လစ်တမတ်စက္ကူတစ်ချပ်ရဲ့  ဟိုဒီတဘက်စီမှာ
ကာလသုံးပါး အထူအပါးမရွေး  မျက်နှာကြီးငယ်မဟူ

သင့်ဝှက်ဖဲကို တစ်ပါးသူများ သိမြင်ခွင့်ရလိုက်ကြတဲ့
လက်တစ်ဖျစ်ခဏငယ်မှာ
နောက်ထပ်မောဟအရေခွံတစ်စုံက  သင့်ကို ၀တ်ဆင်နေခဲ့ပြီ