Monday, 5 August 2013

တန်ဘိုးနဲဇာတ်


























ကြွေရောင်လွလွ စက္ကူတစ်စနဲ့
လှလှပပ သေသပ်ထုတ်ပိုး
ဖဲကြိုးကလေး တပ်
ဈေးနှုန်းကပ်....။

လမ်းဘေးအစပ်နား
ဖယောင်းပုဆိုးတစ်စ ဖြစ်သလိုပုံခင်း
မြေပေါ်မှာ ဗလာကျင်း ရောင်းချ
ဈေးနှုန်းကျ....။

အပေါ်ယံအကာနဲ့ ရောင်းတန်းဝင်တန်ဘိုး ယှဉ်ထိုးဆုံးဖြတ်
ပကတိအသုံးဝင်တန်ဘိုးတွေ
(ရင်နာနာနဲ့)
နင်းချခံနေရတဲ့ ဇာတ်မှာမှ...
ငါ လူဖြစ်လာရ

ဇာတ်နာလွန်းလို့....
ပုဝါစုံချ ရင်ထုနေရတာများလည်း ပြောမနေတော့ပါဘူး
ငိုချင်လွန်းလို့ တစ်ညလုံးစောင့်ခဲ့ရတဲ့ ပရိသတ်ခမျာလည်း
မိုးစင်စင်လင်းမှ မင်းသမီးနဲ့ရောပြီး ငိုချင်းချရတာ မဟုတ်လား.....။



 

Tuesday, 30 July 2013

အတ္တ.....အနတ္တများ ထွေးရောယှက်တင်....

ဒီအထဲမှာ ကျည်နှစ်တောင့်
ပထမကျည်ဆန်က ရှင့်အတွက်ဆိုရင်...
လက်ကျန်တစ်တောင့်ဟာ ကျွန်မဝေစုပေါ့။
ပထမတစ်တောင့်ဟာ ရှင့်နဖူးတည့်တည့်ကို တေ့တေ့ဆိုင်ဆိုင်ကြီး လွဲချော်သွားခဲ့မယ်ဆိုပါစို့
ကျန်တစ်တောင့်ဟာ ကျွန်မနှလုံးသားဆီကို တန်းတန်းမတ်မတ် ဖြစ်သင့်သေးပါရဲ့လား....
ဘဝဟာ မီးခိုးတွေ အူထသလို ဝေဝေဝါးဝါး
သူ့အလျားအတိုင်းကြည့်လို့မှ လမ်းဆုံးကို မြင်ခွင့်မရ
ကျွန်မ....
ခုထိ ထိုင်ရာက မထသေးဘူး...
ကျေးဇူးပြုပြီး  ရှင် ငြိမ်ငြိမ်လေးနေပေးစမ်းပါ...
ကျွန်မလက်ထဲမှာ....
နောက်ဆုံးကျည်တစ်တောင့်....။


Thursday, 25 July 2013

သု လက် ယာ ဟု ခေါ်သည်



အဲဒါ သုလက်ယာပဲ….

ခဏိကအသေတွေထဲ ခေါင်းဝင်ကိုယ်ဆန့်
ဒုက္ခဝေဒနာ  သုခဝေဒနာ  ဥပက္ခာဝေဒနာ
အားလုံးကို မဖိတ်မစင်ထုတ်ပိုးသေချာစေပြီး 
မျက်နှာပေါ် ပစ်တင်ထားတယ်
ထင်ချင်သလိုထင်  တွေးချင်သလိုတွေး ယူချင်သလိုသာယူကြ....

ငါ ဒီလမ်းမပေါ်မှာပဲ ရှိနေမယ်…..
အချိန်မရွေး…..



Monday, 29 April 2013

လွှင့်ပစ်လိုက်ချင်သော....

ငါဟာ....အချစ်ဆိုတာကို 
ငါ့မျက်ခွံပေါ်က အိုင်းရှဲဒိုးတစ်ရောင်လောက်မှ
သောက်ဂရုမစိုက်ခဲ့တဲ့ ကောင်....
ခု....
ဘယ်ဘက်ရင်ဘတ်ထဲက ဝုန်းဒိုင်းကျဲနေတဲ့ ကောင်ကြီး
ကွာ.....
တစ်ဖန်လဲလဲ
အနိစ္စတရားကို နှလုံးသွင်းနေရ
မောလှတယ်...


Friday, 26 April 2013

ဆေးမြီးတို

နာကျင်လွန်းတဲ့ ရင်ဘတ်ကြောင့်
ငါ့လက်ကောက်ဝတ်ကို ဓါးနဲ့ လှီးမိတာ
အချိုကုန်သွားတဲ့နောက်…သူ့အသံကို မကြားရဲတော့လို့
ခေါင်းလောင်းကလေးကို ဖြုတ်ချထားခဲ့လိုက်ရတယ်
နာရီတွေကို ရပ်ထားလိုက်ချင်ခဲ့သလား
စံပယ်တွေကတော့ ပွင့်နေဦးမှာပဲ
အိပ်မက်ချင်း နီးစပ်ခဲ့သလား
ဟင့်အင်း  သူ  ခလုတ်တိုက်သွားခဲ့ရုံပါ ဘာကိုမှ ကြေကွဲမနေနဲ့
ညတွေဆိုတာ အချိန်တန်ရင် လင်းရဦးတော့မှာ….

ခုညတော့ ငါ  မိုင်းနပ်စ် ၁၅၀၀ ထဲ အေးခဲနေလိုက်ဦးမယ်...


Sunday, 7 April 2013

သခင့်ဆီ…


တံဆိပ်ခေါင်းမရှိတော့ စာတိုက်ကနေ ပို့ဖို့ ခက်
ကဗျာတစ်ပုဒ် မဟုတ်ပါဘူး
စာရွက်ဖြူတစ်ရွက်ပေါ်မှာ 
ဘယ်ဘက်ရင်ဘတ်ထဲက နှလုံးသားကို 
ခတ်နှိပ်ထားခြင်းသာ…..



Thursday, 28 February 2013

Exhibition

ရိုးရိုးလေးပါပဲ  အခင်းအကျင်းတွေကို အခမ်းအနားနဲ့ ချပြတဲ့ပွဲ

ရောင်းဈေးကို တစ်ခါတည်း ကိုယ်မှာ ကပ်ထားစဉ်
လည်မှာချိတ်ထားတဲ့ ဈေးနှုန်းတက်ဂ်က လေးလံလွန်းလို့ ဇက်ခိုင်နေကြသူများ
တလက်လက်ထနေတဲ့ အပေါ်ယံအရောင်တင်တွေနဲ့  ဈေးမြှင့်ခေါ်လို ခေါ်
ဈေးချထားတာတွေကတော့ စင်ရဲ့အောက်ဘက်မှာ ခပ်ယို့ယို့လေးတွေ မျက်လွှာချ
ဈေးတော့ကပ်ထားပါရဲ့  အထဲမှာ ဘာပါမှန်းမသိရတဲ့ အထုတ်တွေကလည်း ခေါင်းပြူတန်းစီလို့
၃၁ဘုံမှာ  ဒီတစ်ဘုံကတော့ဖြင့် 'ကြေး' တွေ ခေါင်းချင်းယှဉ်လို့ အကောင်းဆုံးနေရာ တဲ့
အနှံဟောင်းလောင်းတွေ ပေါ့ပါးထောင်မတ်နေကြပုံ

တစ်နေ့ ထမင်း ၂-နပ်စားတယ်
၁၀-နာရီ အလုပ် လုပ်တယ်
တစ်ပတ်မှာ တစ်ရက်တော့ နားတယ်
တစ်လမှာ ဆေးခွင့်ဘယ်နှစ်ရက် ယူသေးလဲ
ဟုတ်ကဲ့  သိချင်ပါတယ်
ဘာသာစကား ၃မျိုးတတ်တယ် 
ကိုယ်ချင်းစာတရားကိုသာ စာလုံးပေါင်းမှန်အောင် ပေါင်းတတ်ပါစေ
ဟုတ်ကဲ့
အပွေးမြင်နေရတာတောင်  အပင်မသိနိုင်တဲ့အဖြစ်က
အပေါ်ယံအရည်ပြားတွေ  မိကျောင်းရုပ်ပေါက်လာလို့
ဒါမှမဟုတ် လှည့်ဖျားမှုတွေကို နောက်ဆုံးဗားရှင်းအထိ အပ်ပ်ဂရိတ်လုပ်ထားလို့ပဲ
လူကြီးမင်းကို အသုံးချဖို့ ရည်ရွယ်ဝယ်ယူချင်တာ မဟုတ်လေတော့
ရောင်းဈေးနဲ့ အသုံးဝင်တန်ဘိုး တိုက်ရိုက် အချိုးကျ မကျ
စိတ်ဝင်စားစရာတော့ မကောင်းလှဘူး
ရောင်းတယ်  ဝယ်တယ်  လဲလှယ်တယ် အဲဒီထဲမှာ ကိုယ့်အတွက် အမြတ်
နှလုံးသားက ၁၀အောင်စသာသာမှာ ဦးနှောက်က ၃၆အောင်စလေးနေတော့ကာ....
လူကြီးမင်းအသံကို ဗော်လွန်းမ်နည်းနည်းတော့ ချလိုက် - - - ...
ဈေးကြီးတယ်  ကျွန်တော် မဝယ်နိုင်ဘူးဗျာ
အနည်းဆုံးတော့ ဥတုသုံးပါးရေရှည်ခံကြောင်း ပြေစာမှာ ရေးသားပေးလိုက်သင့်တယ်
စံချိန်စံညွှန်းအတိုင်း  အဝိဇ္ဖာနဲ့ တဏှာကို ပိုပိုသာသာ ရောမွှေထားပေးပါတယ် တဲ့  ဟုတ်ကဲ့
ပြီးတော့ လူကြီးမင်းရဲ့သက်တမ်း  ဒါကလည်း မသေချာပြန်ဘူး တဲ့ 
အားလုံးဟာ မှုန်ဝါးဝါး
အဝေးကလှမ်းကြည့်ကြည့်  အနီးကပ်ကြည့်ကြည့် အတူတူပါပဲ တဲ့
ခင်ဗျားကိုယ်ကို ခင်ဗျား ဖြည်ချပြလိုက်စမ်းပါ
မြေပြင်ညီမှာ အပြန့်လိုက် ဆန့်ချမပြချင်ရင်လည်း အလျားလိုက် ချိတ်ဆွဲချင် ဆွဲပေါ့ဗျာ
ကြမ်းခင်းဈေးလောက်တော့ သတ်မှတ်ဖို့ ကောင်းပြီ
Cashier က  'enter' တစ်ချက်ခေါက်လိုက်တာနဲ့  လူကြီးမင်းကို သယ်မ သွားလို့ရပြီ
ပြခန်းက ဖွင့်နေပြီဆိုတော့ကာ...
အိမ်အပြန်မှာ ထုတ်ပိုးပြီးသားတစ်ခုခုတော့ လက်ကကိုင်သွားလိုက်ချင်တယ်....