ဆံစ အခက်အလက် အကိုင်းအနားတွေကနေ
ခြေဖျားအဖြောင့်အကွေး အရိုးအဆစ် ရေသောက်မြစ်တွေအထိ
စစ်စစ်မြည် ခံစားချက်တွေ
ယုံလွယ်ရိုးအမှု အရောင်တွေနဲ့
အတောင့်လိုက် သွတ်သွင်းရှင်သန်နေတဲ့ သစ်တစ်ပင်ဟာ ကျွန်မပေါ့....
ဘယ်မြေတောင်မြှောက်မှုအောက်မှာမှ
ဘယ်ရေလောင်းပေါင်းသင်မှုအောက်မှာမှ
ဘယ်လောင်းရိပ်အောက်မှာမှ နေထိုင်ရှင်သန်ခဲ့ / ချင်ခဲ့တာ မဟုတ်ဘူး
ကျွန်မက ကိုယ့်ပင်စည်အထက် ကိုယ်တိုင်မတ်မတ်လျှောက် မိုးပေါ်လမ်းဖောက်ခဲ့ရသူ
အချစ် အမုန်း အတ္တ မာန သိက္ခာ နာမခေါ်တွင်ကြတဲ့
ပညတ်အသီးအပွင့်တွေ ကိုယ်မှာ ခဲပြွမ်းဝေဆာနေတဲ့ သစ်ပင်....
ရှင်ဘယ်တော့မှ နားမလည်နိုင်မဲ့ ရင်တွင်းခံစားမှု
ရှင်ဘယ်တော့မှ အိပ်မက်နိုင်မှာ မဟုတ်တဲ့ မျှော်လင့် စွဲလမ်းမှု
ရှင်ဘယ်တော့မှ စာလုံးမှန်အောင် မပေါင်းနိုင်မဲ့ မေတ္တာ
ဒါတွေကို....ဘယ်တော့မှ...
ကျွန်မကလည်း ရှင့်ကို နှုတ်တိုက်ချပေးလေမှာ မဟုတ်ဘူး....
ရုပ်ဝါဒီတွေလို အရိုင်းဆန်ပြရရင်
နွယ်တစ်မျှင်လို ရစ်ပတ်လာတဲ့ ရှင့်လက်တွေထဲ
ကျွန်မကလည်း တုံ့ပြန်နှောင်ဖက် ပင်ချင်းယှက်လိုက်ရုံ
ကျွန်မလည်း ခဏတော့ ပျော်ခွင့်ရှိပါတယ် ပျော်တတ်ပါတယ်
ကျွန်မတို့က....
ကျွန်မ တို့ က.... သစ် ပင် တွေ ပါ
နှလုံးသားမရှိဘူးများ ရှင် ထင်နေသလား....
No comments:
Post a Comment