ဝဋ်ကြွေးတစ်ခုကို
ကိုယ်က သံယောဇဉ်လို့ အမည်တပ်လိုက်တယ်
အဲဒါကိုပဲ တခုတ်တရ ရေလောင်းပေါင်းသင်
ရွှေချထားလိုက်ချင်သေးသတဲ့
ရူးသွပ်မိုက်မဲလိုက်ပုံက
ဘဝဘဝပေါင်းများစွာက အကြွေးတနင့်တပိုး
ခုကျမှ ထိုးဆပ်ရတော့မဲ့အဖြစ်
နစ်
ကျွံ
တစ်စတစ်စ ရုန်းမရ ပြုမရ
တုန့်ပြန်မှုတွေက အပေါ်ယံအေးခဲနေတဲ့ ကော်ဖီခါးတစ်ခွက်လို
ကိုယ့်ကို ရင်တုန်အိပ်ပျက်စေခဲ့
ညတာရှည်တိုင်းသာ အိပ်ရေးဝမယ်ဆိုရင်လေ...
ခုတော့ ဆင်းရဲနဲ့ ငရဲတွေက ကိုယ့်ရင်လွှာအပေါ်တွယ်တက်နေကြ
ဒါတွင်မက အမြစ်တစ်ခုအဖြစ် မြဲခိုင်တိုးဝင်…။
ကိုယ်ဟာ ကမ္ဘာကြီးတစ်ခုကို လိုအပ်သလို သူ့ကို လိုအပ်
ကိုင်းကူး ကိုင်းဆက်စရာမလိုဘဲ သံယောဇဉ်တွေ မျိုးပွားပြန့်နှံ့လိုက်ပုံက
ကိုယ့်နေ့နေ့ညည ဒုက္ခတွေဆိုတာ ချိုနေရောပဲ
နေကလည်း မြင့်ပေါ့ သီးရင့်လာတဲ့သံယောဇဉ်တွေက
ကိုယ့်ကို အရူးတစ်ပိုင်းလို့ မှည့်ခေါ်ကြလေတယ်....။
တကယ်တော့ ဆေးပတ်မလည်တော့မဲ့ Antibiotic ဟာ သံယောဇဉ်ပဲ
ကိုယ့်ကို ဖျားနာလောင်မြိုက်စေ အော့အန်မူးဝေစေလည်း
ရပ်မရ ဖြတ်မရ

နေသားတကျ နာတာရှည်ဇာတ်မျောထဲ
အလွမ်းနက်နက်တွေ
ချော်ချော်ကျနေရ.....။
No comments:
Post a Comment