အနည်ထိုင်နေတာ ကြာလာတော့
စိတ်ကို မကြာခဏ မွှေမွှေပေးနေရ
အဖိုဓါတ်မဟုတ်သော အမဓါတ်မဟုတ်သော
ကံ ဥတု အာဟာရအပေါ် အပြန်အလှန်တည်မှီနေသော
ဘုံဖျားမှာ အခြေမဲ့ ချိတ်ထားတတ်သော
တနံတလျား ခရီးသွားလာတတ်သော
အရောင် အဆင်း အနံ့ အရသာမဲ့သော
စိတ်ကို.....
ပုံသွင်းကြ ဘောင်ခတ်ကြ
ဟဲစလွန်းပို့ပြီး ကောက်ကြ
စိတ်အ၀ိုင်း စိတ်လေးထောင့်
စိတ်မှန်ကူကွက်
စိတ်အနက် စိတ်အ၀ါ
စိတ်အနီ စိတ်ကြည်ပြာ
စေတသိကရဲ့ ချယ်လှယ်မှု့အောက်မှာ စိတ်ကို
အရောင်ဆိုးကြ
စိတ်အသွား စိတ်အလာ
စိတ်အလေ စိတ်အလွင့် စိတ်အပင့် စိတ်အမျော
စိတ်အခင်းအကျင်း စိတ်အရှင်းအလင်း
စိတ်ကို စိတ်နဲ့ပူးချည်
စိတ်ကို စိတ်နဲ့ပေါင်းကွပ်
စိတ်ကို စိတ်နဲ့ ထိုးကော်
စိတ်ကို စိတ်နဲ့ ပြစ်ခွင်း
စိတ်ကို စိတ်နဲ့ ဖြားယောင်း
စိတ်ကို စိတ်နဲ့ ခွကျော်တက်
စိတ်ကို စိတ်နဲ့ လက်ဆွဲနှုတ်ဆက်
စိတ်ကို စိတ်နဲ့ ပခုံးချင်းဝင်တိုက်
စိတ် + ထက်ပိုင်းကျိုးတယ်/ စိတ် +
တဆစ်ဆစ်နာတယ်
စိတ် + ပြုတ်ကျတယ်/ စိတ် +
ပြန်ကုန်းထလာတယ်
ပညာရှိယောင်ဆောင်သော + စိတ်/
ငါ့လှေငါထိုးပဲခူးရောက်သော + စိတ်
"လေတယ်ကွာ"တွေ နံရံအပြည့် ချိတ်ဆွဲထားသော +
စိတ်/ လက်သီးလက်မောင်းတန်းနေသော + စိတ်
သဒ္ဒါတွေ လွဲ လွဲနေတဲ့ စိတ် အထာတွေ
ချော် ချော်နေတဲ့ စိတ်
"တက်" လို့
အမိန့်ပေးရုံနဲ့ အလိုက်သင့်ပါမလာတဲ့
စိတ်ဟာ...
ဖရိုဖရဲ ကစဥ့်ကလျား
တပ်ပျက်စဉ်
ကျကျမ်းအတိုင်း ကသောကမျော
ဇောက်ထိုးဆင်းတယ်